၃၁. ၈. ၂၀၂၃
Translated by Htwe Ko Tun

ဂျပန်နိုင်ငံ၊ ဖူကူရှီးမား နျူကလီယားဓါတ်အားပေးစက်ရုံက ရေဆိုးတွေကို ဩဂုတ် ၂၄ ရက်ကစလို့ ပစိဖိတ်သမုဒ္ဒရာအတွင်း စွန့်ထုတ်မှုအပေါ် သဘာပတ်ဝန်းကျင်ကို ထိခိုက်စေမှုနဲ့ ပြည်တွင်းပြည်ပက ကန့်ကွက်မှုတွေ ရှိခဲ့ပါတယ်။ ဂျပန်အစိုးရကတော့ အဆိုပါ ဖူကူရှီးမား ဒေသရှိ နျူကလီယားဓာတ်အားပေးစက်ရုံက စွန့်ပစ်မယ့် ရေဒီယိုသတ္တိကြွ ရေဆိုးတွေကို လုံခြုံစိတ်ချရမှုရှိစေတဲ့အထိ ပြုပြင်စီရင်ပြီး ဖြစ်တယ်လို့ ကြေညာပြောကြားခဲ့ပါတယ်။

အခုလို ပြောကြားနေမှုတွေကို တုံ့ပြန်တဲ့အနေနဲ့ ဂျပန်ဝန်ကြီးချုပ် ဖူမီအို ကီရှီဒါနဲ့ အစိုးရအဖွဲ့ ဝန်ကြီးသုံးဦးက ရေဆိုးစွန့်ထုတ်မှု စတင်ပြုလုပ်ပြီးနောက်ပိုင်းမှာ ဖူကူရှီးမား ကမ်းရိုးတန်းက ဖမ်းမိခဲ့တဲ့ ငါးခွေးလျှာ၊ ပင်လယ်ကကတစ်၊ ရေဘဝဲ စတဲ့ပင်လယ်ရေသတ္တဝါတွေကို ဒေသအတွင်းကထွက်ရှိတဲ့ ဟင်းသီးဟင်းရွက်၊ သစ်သီး၊ ဆန်တို့နဲ့အတူ ဩဂုတ်လ ၃၀ ရက်ကပြုလုပ်တဲ့ အစည်းအဝေးတစ်ခုမှာ နေ့လည်စာအဖြစ် စားပြခဲ့ကြတယ်လို့ သိရပါတယ်။

This image has an empty alt attribute; its file name is photo_2023-08-31_12-13-26.jpg

အခုလို ဖူကူရှီးမားနျူကလီယားဓာတ်အားပေးစက်ရုံက သမုဒ္ဒရာအတွင်း ရေဆိုးစွန့်ပစ်မှုကို အိမ်နီးချင်းနိုင်ငံတချို့နဲ့ ငါးဖမ်းအုပ်စုတွေကပါ ပြင်းထန်စွာကန့်ကွက်နေကြပါတယ်။ တရုတ်နိုင်ငံကဆိုရင် ဂျပန်နိုင်ငံကနေ ပင်လယ်သတ္တဝါတွေ တင်သွင်းမှုကို တားမြစ်ထားခဲ့ပါတယ်။ တောင်ကိုရီးယားမှာလည်း ပြည်သူအများအပြားက ခုလိုလုပ်ရပ်ကို ရှုတ်ချတဲ့အနေနဲ့ ဆန္ဒပြခဲ့ကြပါတယ်။

ဖူကူရှီးမား နျူကလီယားဓာတ်အားပေးစက်ရုံရဲ့ ဓာတ်ပေါင်းဖိုတွေက ၂၀၁၁ ခုနှစ်မှာ ရစ်ချ်တာစကေး ၉ ရှိ ငလျင်လှုပ်ခတ်မှုနဲ့ ဆူနာမီဒဏ်တို့ကြောင့် ဆက်လက်မလည်ပတ်နိုင်ဘဲ ဖြစ်ခဲ့တာပါ။

Ref—-AP

Leave a Reply

Your email address will not be published. Required fields are marked *