၂၉. ၈. ၂၀၂၃
Written by Pan Ei

တရုတ်နိုင်ငံအရှေ့ပိုင်းက ချန်ရှန်ခရိုင်မှာ အသက် ၂၅ နှစ်နဲ့ ၂၅ နှစ်အောက်အမျိုးသမီးတွေ လက်ထပ်မယ်ဆို ဆုကြေးငွေပေးနေတယ်လို့သိရပြီး ဆုကြေးငွေကတော့ ယွမ် ၁၀၀၀ ဖြစ်ကာ နိုင်ငံအတွင်း ကလေးမွေးဖွားနှုန်း ကျဆင်းလာမှုအပေါ် စိုးရိမ်ပူပန်မှုတွေ မြင့်တက်နေချိန်မှာ ပြည်သူတွေကို လက်ထပ်ဖို့ လှုံ့ဆော်ပေးတဲ့ နောက်ဆုံးနည်းလမ်းတစ်ခု ဖြစ်လာခဲ့ပါတယ်။

ချန်ရှန်ခရိုင်ရဲ့ တာဝန်ရှိသူတွေက ထုတ်ပြန်ခဲ့တဲ့ တရားဝင်ကြေညာချက်မှာ “သင့်တော်တဲ့ အသက်အရွယ်မှာ အိမ်ထောင်ပြုတာနဲ့ ကလေးမွေးဖွားတာ” ကို မြှင့်တင်ပေးလိုတာကြောင့်လို့ ဖော်ပြခဲ့ပြီး ကလေးရှိတဲ့ စုံတွဲတွေအတွက်လည်း မွေးဖွားမှုနဲ့ ကလေးထိန်းစရိတ်၊ ပညာရေး ထောက်ပံ့မှုတွေလည်း ပါဝင်ဦးမှာလို့ သိရပါတယ်။

တရုတ်နိုင်ငံမှာ တရားဝင်လက်ထပ်ဖို့ အသက်အရွယ်ကန့်သတ်ချက်ဟာ အမျိုးသားတွေအတွက် ၂၂ နှစ်ဖြစ်ပြီး အမျိုးသမီးတွေအတွက် အသက် ၂၀ ဖြစ်ပေမဲ့ လက်ထပ်တဲ့စုံတွဲအရေအတွက် ဆက်တိုက်ဆိုသလိုကျဆင်းသွားနေခဲ့ပြီး တစ်ကိုယ်ရေအမျိုးသမီး (Single Women) တွေ ကလေးယူဖို့ ခက်ခဲစေတဲ့ တရားဝင်မူဝါဒတွေကြောင့်လည်း ကလေးမွေးဖွားနှုန်းက ကျဆင်းနေတာပါ။

တရုတ်နိုင်ငံရဲ့လူဦးရေဟာ နှစ် ၆၀ ကျော်အတွင်း ပထမဆုံးအကြိမ်အဖြစ် ၂၀၂၂ ခုနှစ်မှာ ကျဆင်းသွားခဲ့သလို ကမ္ဘာ့ကလေးမွေးဖွားမှုနှုန်းအနည်းဆုံးနိုင်ငံတွေထဲ အပါအဝင်ဖြစ်ခဲ့တာကြောင့် အာဏာပိုင်တွေက ငွေကြေးမက်လုံးတွေနဲ့ ကလေးပြုစုစောင့်ရှောက်ရေးကဏ္ဍတွေမှာပါ တိုးချဲ့ဆောင်ရွက်ပြီး အရေးပေါ် ကြိုးပမ်းလျက်ရှိပါတယ်။

ကလေးထိန်းစရိတ် ကြီးမြင့်တာတွေ၊ တရုတ်နိုင်ငံရဲ့ စီးပွားရေးအခြေအနေအပေါ် စိုးရိမ်မှုတွေ ကြီးထွားလာတာတွေဟာလည်း တရုတ်က လူငယ်တွေ အိမ်ထောင်မပြု၊ ကလေးမလိုချင်ကြတဲ့ အဓိကအချက်တွေ ဖြစ်ပါတယ်။

Ref; Reuters

Leave a Reply

Your email address will not be published. Required fields are marked *