၂၈. ၈. ၂၀၂၃

Written by Nyein Kyaw

ပြည်တွင်း၌ ဒေါ်လာဈေးနှုန်း ၃,၇၀၀ အောက်သို့ ဆက်လက်ကျဆင်းနေသည့်အပြင် ကမ္ဘာ့ရွှေဈေး အနည်းငယ်ကျဆင်းလာ၍ ပြည်တွင်းရွှေဈေးနှုန်း သုံးရက်အတွင်း ကျပ် ၅၀,၀၀၀ ခန့်ကျဆင်းကာ ယနေ့တွင် အခေါက်ရွှေတစ်ကျပ်သား ကျပ် ၃,၇၄၀,၀၀၀ ဖြစ်ပေါ်လျက်ရှိကြောင်း ပြည်တွင်း ရွှေနှင့်ဒေါ်လာရောင်းဝယ်သူများထံမှ သိရသည်။

ပြီးခဲ့သည့် ဩဂုတ်လ ၂၅ ရက်အထိ ပြည်တွင်း၌ ဒေါ်လာဈေးကျဆင်းနေသော်လည်း ကမ္ဘာ့ရွှေဈေး မြင့်တက်နေမှုကြောင့် ပြည်တွင်းရွှေဈေး ကျဆင်းလာခြင်းမရှိသေးဘဲ ကျပ် ၃,၇၉၀,၀၀၀ ဖြစ်ပေါ်လျက်ရှိသည်။ ယနေ့တွင် ကမ္ဘာ့ရွှေဈေး တစ်အောင်စ ၁၉၁၄ ဒေါ်လာသို့ ပြန်လည်ကျဆင်းလာခဲ့၍ ပြည်တွင်း၌ အခေါက်ရွှေတစ်ကျပ်သား ရောင်းဈေး ကျပ် ၃,၇၄၀,၀၀၀ နှင့် ဝယ်ဈေး ကျပ် ၃,၇၃၀,၀၀၀ သို့ ကျဆင်းလာကာ သုံးရက်အတွင်း ကျပ် ၅၀,၀၀၀ ခန့် ကျဆင်းလာခဲ့သည်။

ကျပ် ၂၀,၀၀၀ တန် ငွေစက္ကူအသစ် ထုတ်ဝေမည်ဟု ထုတ်ပြန်ပြီးနောက် ဇူလိုင်လ ၂၂ တွင်မူ ပြည်တွင်းရွှေဈေးသည် ကျပ် ၃၅ သိန်းသို့ စတင်၍ ရောက်ရှိခဲ့ပြီး ထို့နောက် ဆက်တိုက်မြင့်တက်ခဲ့ရာ ဩဂုတ်လ ၁၈ ရက်တွင် ဒေါ်လာဈေးနှုန်း ကျပ် ၃,၉၀၀ ကျော်နှင့် ရွှေဈေးနှုန်း ကျပ် ၃,၉၇၀,၀၀၀ အထိ မြင့်တက်ခဲ့မှုကြောင့် တစ်လအတွင်း ဒေါ်လာနှင့် ရွှေဈေးနှုန်း ရာခိုင်နှုန်း ၂၀ ကျော်အထိမြင့်တက်ခဲ့သည်။

ပြင်ပဈေးကွက်တွင် ရွှေဈေးနှုန်းနှင့် ဒေါ်လာဈေးနှုန်းများသည် ဩဂုတ်လ ၂၃ ရက်တွင် ရွှေဈေးနှုန်း ၃,၈၃၀,၀၀၀ ကျပ်၊ ငွေလဲလှယ်နှုန်း တစ်ဒေါ်လာ ၃,၇၈၀ ကျပ်၊ ဩဂုတ်လ ၂၄ ရက်တွင် ရွှေဈေးနှုန်း ၃,၈၀၅,၀၀၀ ကျပ်၊ ငွေလဲလှယ်နှုန်း တစ်ဒေါ်လာ ၃,၇၅၀ ကျပ်၊ ဩဂုတ်လ ၂၅ ရက်တွင် ရွှေဈေးနှုန်း ၃,၇၉၀,၀၀၀ ကျပ်၊ ငွေလဲလှယ်နှုန်း တစ်ဒေါ်လာ ၃,၇၀၀ ကျပ်၊ ဩဂုတ်လ ၂၆ ရက်တွင် ရွှေဈေးနှုန်း ၃,၇၇၅,၀၀၀ ကျပ်၊ ငွေလဲလှယ်နှုန်း တစ်ဒေါ်လာ ၃,၇၃၀ ကျပ် ဖြစ်ပေါ်ခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News