၂၈. ၈. ၂၀၂၃
Written by Phyo Wei

NUG ရဲ့ လက်အောက်ခံအဖြစ်က နုတ်ထွက်ပြီး ကိုယ်ပိုင်တပ်နဲ့ LPDF အဖြစ် ရပ်တည်မဲ့ ဗိုလ်နဂါးကို NUG ရဲ့ PDF တွေ၊ ပကဖတွေက လိုက်လံဖမ်းဆီးသတ်ဖြတ်ဖို့ ကြိုးပမ်းနေချိန်မှာပဲ ဗိုလ်နဂါးရဲ့ ယင်းမာပင်တပ်ရင်းလေးခုဖြစ်တဲ့ ယင်းမာပင်ခရိုင် အမှတ် (၃)၊ (၄)၊ (၅)၊ (၆) တပ်ရင်းတွေဟာ NUG ဩဇာခံမယ်လို့ တရားဝင်ကြေညာခဲ့တဲ့ ဖြစ်စဉ် ရှိခဲ့ပါတယ်။

အခြားတစ်ဖက်မှာလည်း တရုတ်ရာဇဝတ်ဂိုဏ်းတွေဟာ တရုတ်၊ မြန်မာ၊ ထိုင်းနယ်စပ်ကနေတစ်ဆင့် နှစ်စဉ် တရုတ် ၇၀၀၀၀ လောက်ကို လူကုန်ကူးခံနေရတယ်လို့ တရုတ်နဲ့ ထိုင်းသတင်းတွေက ဖော်ပြနေတဲ့ဖြစ်စဉ်တွေလည်း ရှိလာနေတာမို့လို့ ဒီလိုမျိုး အရေအတွက်ဟာ တစ်နေ့ လူ ၂၀၀ ကျော် လူကုန်ကူးခံရမှုဖြစ်လာနေတာကို တွေ့ရသလို တိုင်းရင်းသားလက်နက်ကိုင်တချို့ ကာကွယ်ပေးထားတဲ့ မြန်မာ့နယ်စပ်က တရုတ်ရာဇဝတ်ဂိုဏ်းတွေရဲ့ လုပ်ရပ်ဟာ နိုင်ငံ့သိက္ခာကို အကြီးအကျယ် ထိပါးစေတာကြောင့် ထိထိရောက်ရောက်ချေမှုန်းဖို့ ကြိုးပမ်းသင့်နေပါပြီလို့ တိုက်တွန်းရမဲ့ ဒီရက်သတ္တပတ်ရဲ့ နိုင်ငံရေးသုံးသပ်ချက်အဖြစ်တော့ ပြည်သူတွေ သတ်ဖြတ်ခံရတာ ၆၃၀၀ ကျော်အထိ မြင့်တက်လာပြီလို့ နိုင်ငံခြားရေးဝန်ကြီးဌာနပြောတဲ့အကြောင်း၊ နှင်ထုတ်ခံရတဲ့ တီမောနိုင်ငံက သံရုံးတာဝန်ခံအကြောင်းနဲ့ NUG ရဲ့ နေပြည်တော်သို့လမ်းများဆီဆိုတာကို လှောင်ပြောင်လိုက်တဲ့အကြောင်းတွေကို တင်ပြချင်ပါတယ်။

“၆၃၀၀ ကျော်အထိ မြင့်တက်လာတဲ့ သေဆုံးပြည်သူ”

ပြီးခဲ့တဲ့ မတ်လဆန်းက နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ NUG နဲ့ PDF တွေ သတ်ဖြတ်တာ​ကြောင့် ကလေးသူငယ် ၁၅၀၊ ဆရာ/ဆရာမ ၆၉ ဦး၊ ကျန်းမာရေးဝန်ထမ်း ၁၅ ဦးနှင့် အုပ်ချုပ်ရေးမှူး ၇၃၂ ဦးအပါအဝင် အပြစ်မဲ့ပြည်သူ ၅၁၅၅ ဦး သတ်ဖြတ်ခံထားရပြီး အဲဒီ အကြမ်းဖက်လုပ်ရပ်တွေကို သံရုံးတွေနဲ့ ကုလသမဂ္ဂကို ပုံမှန်ပေးပို့နေတယ်လို့ ပြောခဲ့တာကို တွေ့ရပါတယ်။ ဒါပေမဲ့လည်း ဩဂုတ် ၂၄ ရက် နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်ချက်မှာတော့ အပြစ်မဲ့ပြည်သူတွေ သတ်ဖြတ်ခံနေရတာ ၆၃၀၀ ကျော် ရှိနေပြီလို့ ဖော်ပြလာပါတယ်။

မတ်လမှာ ၅၁၅၅ ဦးပဲ သတ်ဖြတ်ခံထားရတာကနေ ဩဂုတ်မှာ ၆၃၀၀ ကျော်အထိ တက်လာတယ်ဆိုတာက ၅ လအတွင်း ပြည်သူ ၂၂၀၀ လောက် သတ်ဖြတ်ခံထားရတယ်ဆိုတဲ့ သဘောဖြစ်ပြီး NUG နဲ့ PDF တွေက သံဃာတွေ၊ နိုင်ငံ့ဝန်ထမ်းတွေ၊ ရပ်ကျေးတွေ၊ ကျောင်းသူကျောင်းသားတွေနဲ့ NLD၊ NUG၊ PDF မထောက်ခံသူတွေကို တစ်လ ပြည်သူ ၄၄၀ လောက် လိုက်လံသတ်ဖြတ်နေတဲ့ သဘောပါ။ NUG ယာယီသမ္မတ ဒူဝါလရှီးလဟာ ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းမှာ SAC နဲ့ ဆက်နွှယ်တဲ့သူ ၃၀၀၀၀ ကျော်ကို သူတို့သတ်ထားတယ်လို့လည်း Reuters Next အစီအစဉ်မှာ ပြောထားသေးတာပါ။ အခြားတစ်ဖက်မှာ SAC ကြောင့် သေဆုံးရတဲ့ ပမာဏက AAPP စွပ်စွဲမှုအရ မတ် ၇ ရက်မှာ ၃၁၁၁ ဦးရှိပြီး ဩဂုတ် ၂၄ ရက်မှာတော့ ၄၀၀၄ ဦးဆိုတာကြောင့် ငါးလအတွင်း ၈၉၃ ဦးပဲ တက်လာတာတွေ့ရပါတယ်။ ဒီနေရာမှာ AAPP ရဲ့ စာရင်းဟာ လက်နက်ကိုင်တိုက်နေတဲ့ PDF စာရင်းတွေလည်း ပေါင်းထားတာတွေရှိနေပြီး လက်နက်ကိုင် အချင်းချင်းအပြန်အလှန် ပစ်ခတ်ချိန် တိုက်ပွဲမှာ သေဆုံးတာတွေကိုပါ ပေါင်းထားတာပါ။ ဒီစာရင်းနှစ်ခုကြည့်မယ်ဆို NUG ရဲ့ အဆင်ခြင်မဲ့ သတ်ဖြတ်မှုတွေက SAC ထက် ဆယ်ဆလောက် ဆိုးနေတာတွေ့ရသလို ဒီလိုမျိုးသတ်ဖြတ်မှုတွေကြောင့်လည်း NUG ကို ဘယ်နိုင်ငံကမှ အသိအမှတ်မပြုရဲတော့တဲ့ အခြေအနေဖြစ်လာတာပါ။

“နှင်ထုတ်ခံရတဲ့ တီမောသံရုံး”

ပြီးခဲ့တဲ့ ၈၈၈၈ ဖြစ်စဉ်အပြီးမှာ ပြည်ပကိုထွက်ပြေးပြီး အစိုးရဖွဲ့ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကိုဝမ်းကွဲ ဒေါက်တာစိန်ဝင်းတို့ရဲ့ NCGUB ဆိုတဲ့ ပြည်ပရောက်အစိုးရအဖွဲ့ ကို ကုလသမဂ္ဂ၊ အမေရိကန်နဲ့ တီမောတို့က အသိအမှတ်ပြုခဲ့တာပါ။ ဘာကြောင့် အသိအမှတ်ပြုခဲ့တာလဲဆိုရင် NCGUB ဟာ အခု လက်ရှိ NUG၊ PDF လိုမျိုး သံဃာတွေ၊ နိုင်ငံ့ဝန်ထမ်းတွေ၊ ရပ်ကျေးတွေ၊ ကျောင်းသူကျောင်းသားတွေစတဲ့ ပြည်သူထောင်သောင်းချီကို အကြမ်းဖက် မသတ်ခဲ့တာကြောင့်ပါ။

လက်ရှိမှာတော့ အကြမ်းဖက်သတ်ဖြတ်မှုတွေပြုလုပ်နေတဲ့ NUG ကို စင်ပြိုင်အစိုးရအဖြစ်တောင် ဘယ်သူမှ အသိအမှတ်မပြုတော့တဲ့အပြင် NUG နဲ့ အဆင်ခြင်မဲ့စွာ ထိတွေ့ဆက်ဆံခဲ့တဲ့ တီမောအစိုးရကြောင့် မြန်မာနိုင်ငံဆိုင်ရာ တီမောသံရုံးတာဝန်ခံကို စက်တင်ဘာ ၁ ရက်နောက်ဆုံးထားပြီး နှင်ထုတ်ခံလိုက်ရတဲ့အထိ ဖြစ်လာတာကို တွေ့ရပါတယ်။

SAC နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာလည်း ၂၀၂၁ မေလ ၅ ရက်ကစပြီး NUG၊ CRPH၊ PDF နဲ့ လက်အောက်ခံအဖွဲ့အစည်းတွေကို အကြမ်းဖက်အဖြစ် ကြေညာထားတဲ့ကြားက တီမောအစိုးရဟာ NUG နဲ့ အဆင်အခြင်မဲ့စွာ တွေ့ဆုံဆွေးနွေးခဲ့သလို မြန်မာနိုင်ငံမှာဖြစ်နေတဲ့ အကြမ်းဖက်မှုတွေ ပိုလုပ်ဖို့ အားပေးအားမြှောက်လည်း လုပ်ခဲ့တာကြောင့် တီမောသံရုံးက သံရုံးယာယီတာဝန်ခံကို နှင်ထုတ်ခဲ့တာလို့ ဖော်ပြခဲ့ပါတယ်။ NUG နဲ့ တီမောဘက်က ထောက်ခံသူတချို့က ဒီဖြစ်ရပ်ကို ကန့်ကွက်ရှုတ်ချခဲ့ပေမဲ့လည်း အများစုကတော့ မြန်မာ့နိုင်ငံရေးမှာ အကြမ်းဖက်မှုတွေ၊ ပြည်သူအချင်းချင်းကြား သတ်ဖြတ်မှုတွေဖြစ်အောင် ဦးဆောင်မြှောက်ပင့် ထောက်ပံ့ပေးနေတဲ့ နိုင်ငံကြီးတွေကိုပါ နှင်ထုတ်ပါလို့ ရေးသားမှုတွေ ရှိနေတာလည်း တွေ့ရပါတယ်။

“လှောင်ပြောင်ခံရတဲ့ နေပြည်တော်သို့လမ်းများဆီ တိုက်ပွဲ”

ပြီးခဲ့တဲ့ ဇွန် ၂၀ က စပြီး NUG ရဲ့ ကာကွယ်ရေးဝန်ကြီးတာဝန်ယူထားသူ ဦးရည်မွန်က သူတို့ NUG၊ PDF တွေရဲ့ လမ်းအားလုံးနေပြည်တော်သို့ ဆိုတဲ့ စစ်ရေးစီမံချက်ကို ချပြခဲ့ပါတယ်။ ဒီချပြမှုက နေပြည်တော်ကို ဦးတည်တဲ့ တိုက်ပွဲတွေ ဖော်ဆောင်မယ်လို့ ပြောခဲ့အပြီး ဒီလဝက်မှာ သံတောင်ဘို့မစခန်းကို PDF တွေ ဝင်သိမ်းတယ်လို့ သတင်းထုတ်ခဲ့သလို ရန်ကုန်-မန္တလေး မီးရထားလမ်း ကညွတ်ကွင်းနဲ့ တောကျွဲအင်း လမ်းပိုင်းအကြား အစုန်ကုန်တင်ရထားတွဲတစ်စီး မိုင်းခွဲဖျက်ဆီးလိုက်တာကြောင့် အများပြည်သူခရီးစဉ်တွေ နှောင့်နှေးခဲ့ရပါတယ်။ ဒါ့အပြင် PDF တွေက ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊ ပဲနွယ်ကုန်းမြို့နဲ့ တောကျွဲအင်းအကြား ရန်ကုန်-မန္တလေး မြန်မာမီးရထားလမ်း ရထားလမ်းမိုင်တိုင် ၁၁၇/ ၈ နဲ့ ၁၁၇/၉ အကြားမှာ မိုင်းခွဲခဲ့ပြီး ဒီလိုမျိုး လုပ်ရပ်တွေက အစိုးရကို ထိခိုက်တာမဟုတ်ဘဲ ပြည်သူကိုပဲ ထိခိုက်တဲ့ အကြမ်းဖက်လုပ်ရပ်ဖြစ်တယ်လို့လည်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောခဲ့ပါသေးတယ်။

“နေပြည်တော်သို့ လမ်းများဆီဆိုတာ မှန်တယ်။ ဘာမှန်တာလဲဆိုတော့ ခင်ဗျားလည်း မြင်နေတာပဲ။ ဘုရားကြီးကို လာဖူးနေတာ။ အနယ်နယ်အရပ်ရပ်က လာဖူးနေတာ။ တစ်ခါတလေ အဲဒီအရူးတွေပြောတာ တကယ်မှန်တယ်။ နေပြည်တော်က လမ်းများဆီ ကျွန်တော်တို့လည်း TV အဖွဲ့တွေနဲ့ သွားပြီး ရိုက်နေတာပဲ။ ရိုက်နေတဲ့အခါကျတော့ တော်တော်လာပါတယ်။ ကယားပြည်နယ်ဘက်ကလည်း လာတာတွေ့ရတယ်။တနင်္သာရီဘက်က လာတာလည်း တွေ့ရတယ်။ အနယ်နယ်အရပ်ရပ်က ဘုရားဖူးပြည်သူတွေလာတယ်။ အဲဒီတော့ သူတို့ပြောတဲ့ နေပြည်တော်သို့ လမ်းများဆီဆိုတဲ့ အဲဒီတစ်ချက်ကတော့ မှန်တယ်။ အခုနကပြောတဲ့ သံတောင်ဘို့မမှာ တိုက်ပွဲဖြစ်ခဲ့တာရှိပါတယ်။ ဒီနဲ့ ဝေးပါတယ်။ နေပြည်တော်နဲ့ဆို အရှေ့တောင်ပေါ့။ ပဲခူးတိုင်း၊ ကရင်ပြည်နယ်၊ ကယား ပြည်နယ်နဲ့တော့ ဆက်စပ်မှုရှိပါတယ်။ ဒီဟာကလည်း ကယားပြည်နယ်ဘက်က PDF အကြမ်းဖက်အဖွဲ့လို့ပဲမြင်ပါတယ်။ ဒါနဲ့ပတ်သက်လို့ လုံခြုံမှုရှိအောင် ဆောင်ရွက်ပြီးပြီလို့ပဲ ပြောချင်ပါတယ်။ အခုနက ပြောတဲ့ ရန်ကုန်- မန္တလေးရထားလမ်းဖြစ်စဉ်ကလည်း မှန်ပါတယ်။ ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီးတော့ ရန်ကုန်- မန္တလေး ရထားလမ်း တောကျွဲအင်းနဲ့ ဖြူးမြို့ ကညွတ်ကွင်းဘူတာအနီးမှာ မိုင်းဆွဲခံရတဲ့ဖြစ်စဉ်ဖြစ်ခဲ့တာရှိပါတယ်။ KNU အနေနဲ့က အရင်ကလည်း သတိပြုမိမှာဖြစ်ပါတယ်။ ဟိုဘက်မှာ(ကရင်ပြည်နယ်ဘက်မှာ) စစ်ရေးများလာပြီဆိုရင် မြေပြန့်ကို ဆင်းပြီးတော့ အရင်ကလည်း လုပ်တယ်။ ရထားလမ်းကို မိုင်းထောင်မိုင်းခွဲလုပ်တာမျိုးတွေ လုပ်လေ့လုပ်ထရှိပါတယ်။ အနည်းဆုံးတော့ KNU နဲ့ PDF ပူးပေါင်းအဖွဲ့လို့ပဲ မြင်ပါတယ်။ ရထားလမ်းနဲ့ ပတ်သက်လို့ တချို့နေရာတွေမှာတော့ စစ်တောင်းမြစ်နဲ့ ကပ်သွားတဲ့နေရာတွေရှိတယ်။ အဲဒီနေရာကိုတော့ လုံခြုံရေး တော်တော်လေးဂရုစိုက်ရပါတယ်။ ရထားလမ်းနဲ့ ပတ်သက်ပြီး ၁၈ ရက်နေ့က ဖြစ်ခဲ့ပါတယ်။ အခုတော့ ရထားလမ်းကို ယာယီသံလမ်းခင်းတာတွေ လုပ်ပြီးဖြစ်ပါတယ်။ ကုန်ရထားတွဲဆိုင်းတွေ စမ်းသပ်မောင်းနှင်ပြီးဖြစ်ပါတယ်။ ၂၀ ရက်နေ့မှာတော့ ကျွန်တော်တို့ ပြန်ပြီး ဖွင့်လှစ်ခဲ့ပြီးဖြစ်ပါတယ်။ လုံခြုံရေးနဲ့ ပတ်သက်ပြီး အများပြည်သူခရီးသွားများ အသုံးပြုနေတဲ့ ရထားလမ်းတို့ ကားလမ်းတို့ လုပ်တယ်ဆိုတာ အကြမ်းဖက်လုပ်ရပ်ဖြစ်ပါတယ်။ အစိုးရနဲ့ ဘာမှမဆိုင်ဘူး။ အစိုးရနဲ့ ဘာမှမဆိုင်ဘူးဆိုတာက ဒါသည် အစိုးရကို ထိခိုက်စေတာ မဟုတ်ဘဲ ပြည်သူလူထုကို ထိခိုက်စေတာဖြစ်တယ်။ အကြမ်းဖက်လုပ်ရပ်မျိုးဖြစ်ပါတယ်။ ဒီလိုအကြမ်းဖက်လုပ်ရပ်မျိုးကိုလည်း ပြည်သူလူထုတစ်ရပ်လုံးက ဝိုင်းဝန်းတားဆီးကြဖို့ သတင်းပေးကြဖို့လိုတယ်လို့ပဲ မေတ္တာရပ်ခံပါတယ်” လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောခဲ့ပါတယ်။

မှန်ပါတယ်။ လက်နက်ကိုင် NUG ဟာ လက်နက်ကိုင်အချင်းချင်းကြားမှာ တိုက်ခိုက်တာထက် ပြည်သူတွေကြားကို ဗုံးခွဲအကြမ်းဖက်၊ အလစ်မှာ ချောင်းမြောင်းပစ်ခတ် သတ်ဖြတ်တွေကိုပဲ ဦးစားပေးလုပ်နေတာဖြစ်ပြီး ဒီလိုလုပ်မှ SAC လက်ထက် မတည်ငြိမ်ဘူး။ တရားဥပဒေမစိုးမိုးဘူးလို့ သက်သေပြနိုင်မှာဖြစ်တာကြောင့်လည်း အခုလိုမျိုး သတ်ဖြတ်မှုတွေ ပိုလုပ်နေတာပါ။ ဒီလိုမျိုး လုပ်ရပ်တွေဟာ ပြည်သူကလည်း လက်မခံ၊ နိုင်ငံတကာကလည်း မနှစ်ခြိုက်ဘူးဆိုတာကို NUG အတွက် လှုဒါန်းထောက်ပံ့မှုကျဆင်းလာတာနဲ့ ကမ္ဘာ့နိုင်ငံတွေက NUG ကို အသိအမှတ်မပြုတော့တာတွေက သက်သေပါလို့ သုံးသပ်ရင်း ဒီတစ်ပတ်ရဲ့ နိုင်ငံရေးသုံးသပ်ချက်ကို ရပ်နားလိုက်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *