၂၃.၈.၂၀၂၃
Written By Thandar

ဖန်စီ ဟာသ ရိုမန့်ဇာတ်လမ်းပုံစံ “ဦးနဲ့ခေး” ကချင်စကားပြော မြန်မာစာတန်းထိုး ရုပ်သံဇာတ်လမ်းတွဲ မကြာခင်ပြသမယ်လို့ ဒါရိုက်တာ JZ ဒေါင်လွဏ်းက MT News ကို ပြောပါတယ်။

“ကျွန်တော့်အသက်က ၃၉ နှစ်ထဲရောက်နေပြီ။ အသက် ၄၀ မပြည့်ခင် ဦးနဲ့ခေး ဇာတ်လမ်းရိုက်မယ်ဆိုပြီး ဦးနဲ့ခေး ကချင်သီချင်းတစ်ပုဒ်ကို အရင် လွန်ခဲ့တဲ့ ၁ နှစ်လောက်က ထွက်လိုက်တယ်။ ဒီသီချင်းကို ဇာတ်လမ်း ဇာတ်အိမ်တည်ဖြစ်တာပါ။ ဇာတ်လမ်းပုံစံက ဦးက မိန်းမယူဖို့ အစီအစဥ်မရှိတဲ့ လူပျိုကြီး ကောင်မလေး ငယ်ငယ်လေးနဲ့တွေ့ပြီး စိတ်ပြောင်းပြီး ကောင်မလေးကို တကယ်ချစ်မိသွားတယ်”လို့ ဒါရိုက်တာ JZ ဒေါင်လွဏ်းက MT News ကို ပြောပါတယ်။

အဆိုပါဇာတ်ကားကို ဇာတ်လမ်းနဲ့ ဇာတ်ညွှန်းတို့ကို လားလာ(Jum) ရေးသားထားပြီး ဒါရိုက်တာ JZ ဒေါင်လွဏ်းက သရုပ်ဆောင်အနေနဲ့ ပါဝင်ထားသလို MD ခေါင်စိုင်း၊ LAJA ဇော်ဒွဲခေါင်၊ လားလာ (Jum)၊ လာနူး (Jum)၊ L ဂျာတောင်၊ နန်  ဇိန်ခေါန်၊ N ဂျာခေါန်၊ လွမ်းညွယ်၊ လုလုအောင်၊ ဂျာနန်၊ ဆိုင်းမော်၊ ချမ်းစွမ် စတဲ့ ကချင်တိုင်းရင်းသားတွေ ပါဝင်သရုပ် ဆောင်ထားကြပါတယ်။

“ကျွန်တော် ကချင်ဇာတ်ကားတွေ မရိုက်ဖြစ်တာ ၅ နှစ်လောက်ရှိပြီ။ ကျွန်တော့်ရဲ့ ပထမဦးဆုံးဇာတ်ကား ပြန်ရိုက်ကူးတာလို့လည်း ပြောလို့ရပါတယ်။ ဒီဇာတ်လမ်းတွဲလေးက ကချင်စကားပြော မြန်မာစာတန်းထိုးလေးပါ။ ပရိသတ်တွေ အမောပြေစေမယ့် ဇာတ်ကားလေးမို့ ကြည့်ရှုပေးပါဦးလို့ ပြောချင်ပါတယ်” လို့ သူက ဆက်ပြောပါတယ်။

Ah Gu The Kanam “ဦးနဲ့ခေး” ကချင်စကားပြော မြန်မာစာတန်းထိုး ရုပ်သံဇာတ်လမ်းတွဲက မိနစ် ၂၀ စာ အပိုင်း ၁၆ ပိုင်း ပါဝင်ပြီး မကြာခင် May Kha online Channel နဲ့ YouTube Channel မှာ ပြသသွားမယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *