MT News
Written by Ye Kyaw
ငွေလဲလှယ်နှုန်းများ တည်ငြိမ်စေရေးအတွက် မြန်မာနိုင်ငံအတွင်း ငွေပေးချေမှုများ ဆောင်ရွက်ရာတွင်လည်းကောင်း၊ ဈေးနှုန်းသတ်မှတ်ရာတွင်လည်းကောင်း မြန်မာကျပ်ငွေကိုသာ သုံးစွဲရန် လက်အောက်ခံအဖွဲ့အစည်းများနှင့် စီးပွားရေးလုပ်ငန်းရှင်များအား ညွှန်ကြားထားပြီးဖြစ်ကြောင်း ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌ (၂) ဒေါက်တာလင်းအောင်က ယနေ့တွင် ပြုလုပ်သည့် SAC သတင်းထုတ်ပြန်ရေးအဖွဲ့ သတင်းစာရှင်းပွဲတွင် ပြောကြားခဲ့သည်။
“မြန်မာနိုင်ငံအတွင်း ငွေပေးချေမှုများ ဆောင်ရွက်ရာတွင်လည်းကောင်း၊ ဈေးနှုန်းသတ်မှတ်ရာတွင်လည်းကောင်း မြန်မာကျပ်ငွေကိုသာ သုံးစွဲကြရန် လက်အောက်ခံအဖွဲ့အစည်းနှင့် စီးပွားရေးလုပ်ငန်းရှင်များသို့ ပြည်ထောင်စုဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များ စည်ပင်သာယာရေးကော်မတီများကနေတစ်ဆင့် အကြောင်းကြားထားပါတယ်” ဟု ဒေါက်တာလင်းအောင်က ပြောကြားသည်။
မြန်မာနိုင်ငံအတွင်း ငွေကြေးဖောင်းပွမှုနှုန်းများ အထိုက် အလျောက်မြင့်တက်လျက်ရှိရာ ယင်းကဲ့သို့ မြင့်တက်ရခြင်းသည် လုပ်ခလစာမြင့်တက်ခြင်း၊ ငွေကြေးပမာဏမြင့်တက်ခြင်းနှင့် ဝယ်လိုအားမြင့်တက်မှုကြောင့် မဟုတ်ဘဲ သွင်းကုန်တန်ဖိုးတွက်ချက်ရာတွင် တန်ဖိုးသင့် ငွေလဲလှယ်နှုန်းများ မြင့်တက်သဖြင့် သွင်းကုန်တန်ဖိုးမြင့်တက်ခြင်း၊ ကုန်သွယ်မှုလိုငွေမြင့်မားလာခြင်းကြောင့် နိုင်ငံခြားငွေလိုအပ်ချက်များလာရာမှ မြင့်တက်လာခြင်းဖြစ်ကြောင်း ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌ (၂) ဒေါက်တာလင်းအောင်က ပြောကြားသည်။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ လိုင်စင်ချထားပေးပြီးဖြစ်သည့် ကုန်စည်တင်သွင်းသူများအနေဖြင့် ပြည်ပသို့ပေးချေရာတွင် လိုအပ်သည့် နိုင်ငံခြားငွေအား ဝယ်ယူရရှိရေးအတွက် ဗဟိုဘဏ်မှ စီစဉ်ဆောင်ရွက်ပေးနေခြင်းဖြစ်ပြီး လိုအပ်ပါက စားသုံးဆီနှင့် သွင်းကုန်လုပ်ငန်းများသို့ ဒေါ်လာရောင်းချပေးခြင်း၊ Back to Back SWAP Facility အသုံးပြု၍ ဒေါ်လာလိုအပ်ချက်အား ဖြည့်ဆည်းပေးခြင်းဖြင့် ငွေလဲလှယ်နှုန်းတည်ငြိမ်ရေးကို လိုအပ်သလိုထိန်းကျောင်း ဆောင်ရွက်နေကြောင်း ဒေါက်တာလင်းအောင်က ပြောကြားသည်။
“သတိပေးပြောကြားလိုတာက ပြည်သူများအနေနဲ့ လတ်တလော လူမှုကွန်ယက် Facebook များပေါ်တွင် ငွေကြေးဆိုင်ရာကိစ္စရပ်တွေနဲ့ စပ်လျဉ်း၍ ဖြစ်ပေါ်နေတဲ့ ကောလာဟလသတင်းတွေအပေါ် စိုရိမ်ပူပန်မှုမဖြစ်ကြဖို့၊ အခြေအမြစ်မရှိတဲ့ သတင်းတွေကို မယုံကြဖို့” ဟု ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌ (၂) ဒေါက်တာလင်းအောင်က ပြောကြား
နိုင်ငံခြားငွေ (ငွေသား)များအား မလိုအပ်ဘဲ ကိုင်ဆောင်ထားခြင်းမရှိစေရန် နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေနှင့် နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုစည်းမျဉ်းများဖြင့် ကန့်သတ်ထားပြီး ပြည်တွင်း၌ နေထိုင်သူများအနေဖြင့် တရားဝင်နည်းလမ်းဖြင့် ရရှိသော အမေရိကန်ဒေါ်လာ ၁၀,၀၀၀ အထိ သို့မဟုတ် ယင်းနှင့်ညီမျှသောငွေထက်မပိုသည့် နိုင်ငံခြားငွေကို လက်ခံရရှိသည့်နေ့မှ ခြောက်လအတွင်းသာ ကိုင်ဆောင်ခွင့်ပြုထားပြီး ခြောက်လထက်ကျော်သည်အထိ အသုံးမပြုပါက AD လိုင်စင်ရသူများထံတွင် ဈေးကွက်ပေါက်ဈေးဖြင့် ရောင်းချလဲလှယ်ခြင်း သို့မဟုတ် ဘဏ်စာရင်းသို့ ထည့်သွင်းခြင်းကို ဆောင်ရွက်ရန် သတ်မှတ်ထားကြောင်း သိရသည်။
