၂၁. ၈. ၂၀၂၃
Written by Phyo Wei

ရုရှားအစိုးရဟာ မြန်မာနိုင်ငံကို Su-30 SME အမျိုးအစား တိုက်လေယာဉ်တွေ ကူညီထောက်ပံ့ပေးမှု ဆက်လက်လုပ်ကိုင်သွားမယ်လို့ ရုရှားစစ်ဘက်သုံးနည်းပညာ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ FSMTC အကြီးအကဲ Dmitry Shugaev က ထုတ်ဖော်ပြောဆိုလိုက်တဲ့ ဒီရက်သတ္တပတ်မှာ ရုပ်ပျက်ဆင်းပျက်လုပ်ရပ်အဖြစ်တော့ ကန့်ဘလူမှာ CDM မလုပ်တဲ့ ကျန်းမာရေးဝန်ထမ်းအမျိုးသမီးနှစ်ဦးနဲ့ သူ့မိသားစု သုံးဦး စုစုပေါင်း ၅ ဦးကို လည်လှီးပြီး ရက်စက်စွာ သတ်ဖြတ်သွားတဲ့ဖြစ်စဉ် ပေါ်ပေါက်ခဲ့ပါတယ်။

“သူလျှို၊ ဒလန်၊ နစက ယန္တရားလည်ပတ်အောင် လုပ်ပေးသူ” ဆိုတဲ့ NUG နဲ့ PDF တွေရဲ့ စွပ်စွဲသတ်ဖြတ်ခံ ပြည်သူ ၆၀၀၀ ကျော်လိုပဲ အသံတိတ်ပျောက်ရှသွားတဲ့ ဒီဖြစ်စဉ်တွေ ဖြစ်ခဲ့တဲအချိန်မှာပဲ ၂၀၂၃ ဟာ အဆုံးသတ်အတွက် အဆုံးအဖြတ်နှစ်လို့ ပြောထားခဲ့တဲ့ NUG က ၂၀၂၄ နှစ်မှာ အောင်မြင်မှုရမယ်လို့ အချိန်ထပ်ဆွဲလာပြန်ပါတယ်။ ၂၀၂၁ တုန်းက ၂၀၂၂၊ ၂၀၂၂ ကျတော့ ၂၀၂၃၊ ၂၀၂၃ ကျတော့ ၂၀၂၄ ဆိုပြီး တစ်နှစ်ပြီးတစ်နှစ် လျှောက်ပြောနေတဲ့ အောင်မြင်မှုရမဲ့ နှစ်ဟာ ၂၀၅၀ လောက်အထိ ဆွဲဆန့်ဖြစ်သွားနိုင်တဲ့ အနေအထားမျိုးလည်း မြင်နေရလို့ ရွေးကောက်ပွဲဖြစ်မြောက်ရေးကပဲ တိုင်းပြည်နဲ့ ပြည်သူ့အတွက် ထွက်ပေါက်ဆိုတာ သေချာသထက်သေချာလာခဲ့တဲ့ ဒီတစ်ပတ်ရဲ့ နိုင်ငံရေးသုံးသပ်ချက်အဖြစ်တော့ လူသတ်မှု ၂၀ ကျော်နဲ့ အစဖျောက်ခံရတဲ့ ယော PDF တွေအကြောင်း၊ အာဆီယံဥက္ကဋ္ဌနေရာ မထမ်းဆောင်သေးတဲ့ အခြေအနေတွေအကြောင်းနဲ့ နိုင်ငံတကာလုံခြုံရေးညီလာခံကို တင်ပြတဲ့ မြန်မာ့နိုင်ငံရေးအခြေအနေတွေအကြောင်းကို တင်ပြချင်ပါတယ်။

“လူသတ်မှု ၂၀ ကျော်နဲ့ အစဖျောက်ခံရတဲ့ ယော PDF”

NUG ဩဇာခံဖြစ်တဲ့ မြင်းခြံခရိုင် တပ်ရင်း (၅) PDF တွေဖြစ်တဲ့ MG6 ပြောက်ကျားတပ်ရဲ့ လူသတ်လုယက်မှု ၁၀၀ ကျော်၊ ချောင်းဦးပကဖလေးဦးက အမျိုးသမီးနဲ့ ကလေးငယ် ၇ ဦးကို မုဒိမ်းလူသ-တ်မှုကျုးလွန်ခဲ့တာ၊ ဆော PDF ၈ ယောက်က အသက် ၂၂ နှစ်အရွယ် အမျိုးသမီးငယ်ကို အကြိမ်ကြိမ်အုပ်စုဖွဲ မုဒိမ်းကျင့်တာ၊ မုံရွာမှာ မွေးဖွားလုနီး ကိုယ်ဝန်ဆောင်သည် မအေးငြိမ်းသူကို ဓားပြတိုက်ရင်း သ-တ်-ဖြ-တ်လိုက်တဲ့ Monywa Force PDF အဖွဲ့တွေရဲ့ လုပ်ရပ်အပြီးမှာ ကာမနှောင့်ယှက်မှုတွေနဲ့ လူသ-တ်မှု ၂၀ ကျော် ကျုးလွန်ထားတဲ့ ယော PDF အဖွဲကလည်း နာမည်ပျက်နဲ့ ထွက်ပေါ်လာပြန်ပါတယ်။

PDF တွေရဲ့ လက်နက်အားကိုးနဲ့ မုဒိမ်း လူသ-တ်မှုတွေ စည်းလွတ်ဘောင်လွတ်လုပ်နေတာတွေ ဆက်တိုက်ထွက်ပေါ်လာနေချိန်မှာ သူ့ထက်သူ မသူတော် PDF တစ်ဖွဲ့ကလည်း ကာမနှောင့်ယှက် လူသ-တ်မှု ၂၀ ကျော်ကျုးလွန်ထားမှုနဲ့ ဖမ်းဆီးခံရတာဖြစ်ပြီး အဲဒီ PDF တွေက မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြိုနယ်၊ ကန်ရွာနယ်နိမိတ်အတွင်း အခြေစိုက်ဖွဲစည်းထားတဲ့ ဦးရခိုင် (ဧကရာဇ်မုန်တိုင်း)ဦးဆောင်တဲ့ PDF လက်နက်ကိုင်အဖွဲ့ပါ။ ဧကရာဇ်မုန်တိုင်း PDF အဖွဲရဲ့ လူသ-တ်မှု ၂၀ ကျော် ကျုးလွန်မှုတွေကြောင့် ဖမ်းဆီးဖို့ကြိုးပမ်းချိန်မှာ ခေါင်းဆောင် ၂ ယောက်ကထွက်ပြေးပြီး ကျန်တဲ့ငယ်သားတွေကို စစ်ဆေးချက်အရ သိရတာပါလို ဂန့်ဂေါမြိုနယ် ပြည်သူ့ကာကွယ်ရေးအဖွဲက ထုတ်ပြန်ခဲ့တာပါ။

ဧကရာဇ်မုန်တိုင်းဦးဆောင်တဲ့ PDF အဖွဲဟာ ယောဒေသကာကွယ်ရေးတပ်ဖွဲ (YDF) ရဲ့ တပ်ရင်း (၄) Phoenix Defense Battalion (PDB) အမည်နဲ့ လှုပ်ရှားတဲ့ PDF အဖွဲ့ပါ။ တပ်ရင်းမှူးကတော့ ဧကရာဇ်မုန်တိုင်းအမည်နဲ့ လှုပ်ရှားတဲ့ ဦးရခိုင်ဆိုသူဖြစ်ပြီး အဲဒီ PDF အဖွဲ့ရဲ့ ရက်စက်စွာ လူ ၂၀ ကျော် သတ်ဖြတ်မှုတွေထဲမှာ ဆွံ့အနားမကြားသူတစ်ယောက်ကို သူခိုးလို့ စွပ်စွဲ၊ မိသားစုဆီက ငွေညှစ်ပြီး သတ်ဖြတ်တာ၊ ဒလန်လို့ စွပ်စွဲပြီး လူနှစ်ဦးကို သတ်ဖြတ်တာ၊ ကျောင်းသူတစ်ဦးကို လိင်ပိုင်းဆိုင်ရာနှောင့်ယှက်တာအပြင် ဆက်ကြေးကောက်တာ၊ ငွေညှစ်တာ၊ မူးယစ်ဆေးဝါးဖြန့်ဖြူးသူတွေ ဖမ်းဆီးငွေညှစ် မူးယစ်ဆေးတွေ သိမ်ယူတာတွေ လုပ်နေတယ်လို့လည်း ဂန့်ဂေါပကဖက ပြောခဲ့ပါသေးတယ်။

အခြားတစ်ဖက်မှာတော့ ဧကရာဇ်မုန်တိုင်း အဖွဲ့ဟာ LPDF ဖြစ်ပြီး NUG ရဲ့ ညွှန်ကြားမှုအရ အမြစ်ဖြုတ်ခံရတာလို့လည်း ပြောဆိုနေတာတွေရှိနေသလို လက်ရှိအချိန်မှာတော့ ဒေသခံကာကွယ်ရေးတပ်(LPDF)တွေဟာ NUG လက်အောက် မခိုဝင်ရင် တော်လှန်ရေးအစမှာ လုယက်၊ သတ်ဖြတ်၊ မုဒိမ်းကျင့်ထားတဲ့ အမှုတွေ ပြန်ဖော်ခံရပြီး အမြစ်ဖြုတ်ခံနေရတဲ့ အခြေအနေလည်း ဖြစ်နေတာလို့လည်း ကြားသိနေရပါတယ်။

“အာဆီယံဥက္ကဋ္ဌနေရာ မထမ်းဆောင်သေးတဲ့ အခြေအနေ”

မြန်မာနိုင်ငံအနေနဲ့ ပြည်တွင်းအခြေအနေတွေနဲ့ ကြိုတင်ပြင်ဆင်မှု မပြုလုပ်ရသေးတာကြောင့် အရှေ့တောင်အာရှနိုင်ငံများအသင်း(အာဆီယံ) ရဲ့ အလှည့်ကျဥက္ကဋ္ဌအဖြစ် ၂၀၂၆ ခုနှစ်မှာ တာဝန်ယူမှာမဟုတ်ဘူးလို့ Thai PBS သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

ဒီသတင်းကို SAC ဘက်က အတည်ပြုချက်ထုတ်ပြန်ထားတာ မရှိပေမဲ့လည်း အာဆီယံဥက္ကဋ္ဌအဖြစ် မြန်မာတာဝန်ယူတာနဲ့ အမေရိကန်ဦးဆောင်တဲ့ အဖွဲ့အစည်းတွေက ကန့်ကွက်မှာ၊ လက်မခံမှာတွေ ဖြစ်လာနိုင်တဲ့ အခြေအနေရှိလာနေနိုင်တာကို တွေ့ရပါတယ်။ ဒါကြောင့် ၂၀၂၄ ခုနှစ်မှာ လာအို၊ ၂၀၂၅ ခုနှစ်မှာ မလေးရှားနဲ့ ၂၀၂၆ ခုနှစ်ကိုတော့ ဖိလစ်ပိုင်နိုင်ငံက တာဝန်ယူပေးမှာဖြစ်ပြီး ၂၀၂၇ ခုနှစ်ကျမှ မြန်မာက ပြန်ပြီး တာဝန်ယူမယ်လို့လည်း သတင်းတွေက ဖော်ပြပါတယ်။ မြန်မာနိုင်ငံဟာ ၂၀၀၆ ခုနှစ်ကလည်း အာဆီယံအလှည့်ကျဥက္ကဋ္ဌနေရာကို အလှည့်ကျော်ပေးခဲ့ဖူးတာရှိပြီး အခုအခြေအနေမှာလည်း အာဆီယံဥက္ကဋ္ဌတာဝန်ကို အလှည့်ကျော်ပေးဖို့များနေတယ်လို့လည်း ကြားသိနေရပါတယ်။

“နိုင်ငံတကာလုံခြုံရေးညီလာခံကို တင်ပြတဲ့ မြန်မာ့နိုင်ငံရေး”

(၁၁) ကြိမ်မြောက် နိုင်ငံတကာလုံခြုံရေးညီလာခံ (MCIS-2023) ကို ရုရှားနိုင်ငံ၊ မော်စကိုမြို့၊ ရုရှားတပ်မတော်မျိုးချစ်ပန်းခြံမှာ ဩဂုတ် ၁၅ ရက်က ကျင်းပခဲ့ချိန်မှာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က Video Message ပေးပို့တက်ရောက်ပြီး မိန့်ခွန်းပြောခဲ့ပါတယ်။

SAC ဥက္ကဋ္ဌရဲ့ မိန့်ခွန်းမှာဆိုရင် မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး လက်ရှိကာလမှာ မြန်မာနိုင်ငံရဲ့ အချို့ဒေသတွေကလွဲလို့ နေရာဒေသအများစုမှာ နိုင်ငံရေး၊ စီးပွားရေး၊ လုံခြုံရေးအရ တည်ငြိမ်မှုရှိအောင် ဆောင်ရွက်ထားနိုင်ပြီဖြစ်တယ်ဆိုတာ၊ လွတ်လပ်ပြီး တရားမျှတတဲ့ပါတီစုံ ဒီမိုကရေစီရွေးကောက်ပွဲတစ်ရပ်ကို ကျင်းပပြီး အနိုင်ရရှိတဲ့ နိုင်ငံရေးပါတီကို ဒီမိုကရေစီစံနှုန်းနဲ့အညီ နိုင်ငံတော်အာဏာကို ပြန်လည်အပ်နှင်းနိုင်ရေးအတွက် နိုင်ငံတစ်ဝန်းလုံခြုံမှုရှိစေရေး၊ တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနဲ့ နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်းအားထုတ် ဆောင်ရွက်နေတယ်ဆိုတာ ပြောခဲ့ပါတယ်။

လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံဟာ လက်နက်ကိုင်တွေအကြား အကြီးအကျယ်တိုက်ခိုက်သတ်ဖြတ်မှု ကြုံနေရပြီး နှစ်ဖက်စလုံးကလည်း နိုင်မယ်လို့ ထင်နေကြတဲ့အခြေအနေဖြစ်ပေမဲ့ အမေရိကန်အမျိုးသားထောက်လှမ်းရေးညွှန်ကြားရေးမှူးရုံး (ODNI) ကတော့ လက်ရှိစစ်ရေးအရ တစ်ဖက်နဲ့တစ်ဖက် အပြတ်အသတ်နိုင်မယ်မထင်သေးဘူးလို့ အစီရင်ခံထားပါသေးတယ်။ တစ်ဖက်နဲ့ တစ်ဖက် အပြတ်မတိုက်နိုင်ဘဲ လက်နက်ကိုင်အာဏာရရေးမှာ နိုင်ငံနဲ့ပြည်သူပဲ ကြားညပ်ပြီး အထိနာနေမယ်ဆိုရင် နိုင်ငံအထိမနာအောင် အချိန်တိုနဲ့ပြောင်းလဲပေးနိုင်တဲ့အစိုးရကို ရှာဖွေရပါမယ်။ လက်ရှိအခြေအနေမှာ နိုင်ငံနဲ့ပြည်သူအတွက် ထွက်ပေါက်ဟာ ရွေးကောက်ပွဲပါ။ ဒီရွေးကောက်ပွဲကို ခြေဥမရှိတဲ့၊ ပြည်ပထွက်ပြေးသွားတဲ့၊ ပါတီပျက်သုဉ်းသွားတဲ့ NUG နဲ့ NLD က လုပ်ပေးနိုင်တာ မဟုတ်ဘဲ SAC ကပဲ လုပ်ပေးနိုင်မှာဖြစ်လို့၊ ဖွဲ့စည်းပုံအခြေခံဥပဒေအရလည်း အမတ်ဘယ်နှစ်နေရာရှိမှ ရွေးကောက်ပွဲအောင်မြင်မယ်ပြောမထားလို့ ဖြစ်နိုင်တဲ့နေရာ ရွေးကောက်ပွဲလုပ်ပြီး တက်လာတဲ့အမတ်တွေနဲ့ လွှတ်တော်စ၊ အစိုးရအသစ်ဖွဲ့၊ တပ်မတော်က, ကတိအတိုင်း ရွေးကောက်ခံအစိုးရကို အာဏာလွှဲပေးဆိုတဲ့ လမ်းစဉ်တစ်ခုကပဲ နိုင်ငံနဲ့ ပြည်သူ အနာအသက်သာဆုံးလမ်းကြောင်းဖြစ်ပြီး ဒီလိုမျိုး ရွေးကောက်ခံ Legitimacy ရှိတဲ့ အစိုးရတက်လာမှလည်း နိုင်ငံနဲ့ ပြည်သူတွေ ဒုက္ခရောက်နေတဲ့ နိုင်ငံတကာဖိအားတွေနဲ့ အပြန်အလှန်သတ်ဖြတ်ပွဲမှာ ပြည်သူမြေစာပင်ဖြစ်နေရတဲ့ ဘ၀က အမြန်လွတ်မြောက်မှာကို တွေးဆနိုင်ပါစေလို့ တင်ပြရင်း ဒီတစ်ပတ်ရဲ့ နိုင်ငံရေးသုံးသပ်ချက်ကို ရပ်နားလိုက်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *