မစန်းစန်းမော် လုယက်သတ်ဖြတ်ခံရသည့်မြင်ကွင်းနှင့် ပြစ်မှုကျုးလွန်သူတရားခံနှစ်ဦးကို တွေ့ရစဥ် (Photo -Dawn & Facebook)

၂. ၁၀. ၂၀၂၂

Written by Thettant

Early Dawn Microfinance Company Limited (DAWN) ပေါက်ခေါင်းဌာနခွဲမှ ချေးငွေအရာရှိအမျိုးသမီးမစန်းစန်းမော်အား လည်လှီးသတ်ဖြတ်လုယက်ခဲ့သူ တရားခံနှစ်ဦးကို ဖမ်းဆီးရမိခဲ့ပြီဖြစ်ကြောင်း Dawn မှ သိရသည်။

အသက် ၃၃ နှစ် အရွယ်ရှိ ချေးငွေအရာရှိ မစန်းစန်းမော်သည် အောက်တိုဘာ၂၈ ရက်နေ့တွင် အလုပ်ကိစ္စတာဝန်ပြီးစီး၍ ရှားစီးဖိုကျေးရွာမှ ပေါက်ခေါင်းရုံးခွဲသို့ပြန်လာစဉ် ရှားစီးဖို-ပေါက်ခေါင်း ကားလမ်းဘေး၌ လည်ပင်းပြတ်ရှဒဏ်ရာဖြင့် အခင်းဖြစ်ပွားရာနေရာတွင် အသက်ဆုံးပါးခဲ့ရသည်။ DAWN အနေဖြင့် အခင်းစတင်ဖြစ်ပွားသည့် အချိန်မှစတင်၍ တရားလိုပြုလုပ်တိုင်ကြားခဲ့ပြီး အမှုမှန်ပေါ်ပေါက်ရေးအတွက် ပေါက်ခေါင်းမြို့နယ်ရှိ သက်ဆိုင်ရာတာဝန်ရှိသူများ၊ ကျေးရွာရပ်မိရပ်ဖများနှင့် အားသွန်ခွန်စိုက်ပူးပေါင်း ဆောင်ရွက်ခဲ့ရာ နိုဝင်ဘာ ၁ ရက်နေ့တွင် ပေါက်ခေါင်းမြို့မရဲစခန်းမှူး ဒုရဲမှူးမြတ်မင်းသူနှင့်အဖွဲ့မှ အချိန်တိုကာလအတွင်း ၎င်းကျေးရွာရှိ ပြစ်မှုကျူးလွန်သူ တရားခံ နေမင်းဦး (ဘ) ဦးတင်ဌေးနှင့် ပူးပေါင်းပါဝင်သူ နေမျိုးအောင်တို့အား ဖမ်းစီးဖော်ထုတ်နိုင်ခဲ့ပြီးနောက်၊ ယူဆောင်သွားသော ငွေကျပ် ၁,၃၅၀,၆၀၀ နှင့် အခြားသက်သေခံပစ္စည်းများအား သိမ်းဆည်းနိုင်ခဲ့ကြောင်း သိရသည်။

ယခုကဲ့သို့ အမှုမှန်ပေါ်ပေါက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ခဲ့သော ပေါက်ခေါင်းမြို့နယ်စခန်းမှူးနှင့်တကွရဲတပ်ဖွဲ့ဝင်များ၊ ပူးပေါင်းပါဝင်ကူညီပေးခဲ့ကြသည့် သက်ဆိုင်ရာကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများ၊ DAWN အဖွဲ့ဝင်များ၊ DAWN ပေါက်ခေါင်းဌာနခွဲဝန်ထမ်းများနှင့် နီးစပ်ရာဌာနခွဲရှိဝန်ထမ်းများအားလုံးကို DAWN အနေဖြင့် ကျေးဇူးတင်ရှိကြောင်းနှင့် သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပူးပေါင်း၍ လူသတ်တရားခံများအား ထိုက်တန်သော ပြစ်မှုကျခံစေရေးအတွက် တရားဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်းလည်း Dawn ၏ ကြေညာမှုတွင် ဖော်ပြထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *