၁၉. ၈. ၂၀၂၃
Written by Nay Aung

ဗြိတိန်ရဲတပ်ဖွဲ့သည် ဗြိတိန်နိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ၏ သံအမတ်ကြီးဟောင်းဖြစ်သည့် ဦးကျော်စွာမင်း ကို ပြီးခဲ့သောရက်ပိုင်းတွင် စုံစမ်းစစ်ဆေးခဲ့ကြောင်း ၎င်း၏ရှေ့နေဖြစ်သူက ထုတ်ဖော်ပြောဆိုလိုက်သည်။ ဦးကျော်စွာမင်းသည် ခွင့်ပြုချက်မရဘဲ သံတမန်အိမ်ယာအဆောက်အဦကို နေထိုင်ပြီး ချိုးဖောက်မှုများရှိသည်ဆိုပြီး ဗြိတိန်ရဲတပ်ဖွဲ့က လာရောက်စစ်ဆေးမေးမြန်းခဲ့ခြင်းမျိုး ဖြစ်ကြောင်းသိရသည်။ မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်က အာဏာအငြင်းပွားမှုများ ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း ဗြိတိန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးဟောင်း ဦးကျော်စွာမင်းသည် လန်ဒန်မြို့ရှိ သံတမန်အိမ်ယာအဆောက်အဦမှ ထွက်ခွာပေးရန် ငြင်းဆန်ထားသူဖြစ်ပြီး မြန်မာသံရုံးကိုလည်း လအတန်ကြာ ပိတ်ထားခဲ့ကြောင်း သိရသည်။

နစက အစိုးရက အဆိုပါ ဗြိတိန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးနေရာတွင် အခြားလူတစ်ဦးနှင့် အစားထိုးခန့်အပ်ခဲ့ရကြောင်း သိရသည်။ ဗြိတိန်အစိုးရကလည်း ပြီးခဲ့တဲ့နှစ်တွင် ဦးကျော်စွာမင်းကို သံတမန် အိမ်ယာအဆောက်အဦမှ ထွက်ခွာပေးရန် တိုက်တွန်းတောင်းဆိုခဲ့ဖူးကြောင်း သိရသည်။ ဗြိတိန်ရဲတပ်ဖွဲ့ဝင်များသည် သြဂုတ် ၁၅ ရက်တွင် ဦးကျော်စွာမင်းကို ခွင့်ပြုချက်မရဘဲ သံတမန်အဆောက်အဦကို ချိုးဖောက်သည်ဆိုသော စွပ်စွဲချက်နှင့်ပတ်သက်ပြီး စုံစမ်းမေးမြန်းခဲ့ကြောင်း Peters & Petersအမည်ရှိ ဥပဒေအကျိုးဆောင်အဖွဲ့မှရှေ့နေ Neil Swiftက ထုတ်ဖော်ပြောဆိုထားသည်။

This image has an empty alt attribute; its file name is photo_2023-08-19_12-33-43-1024x682.jpg

လန်ဒန်မြို့ရှိ မြန်မာသံရုံး၊ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးဌာနရုံးနှင့် လန်ဒန်ရဲတပ်ဖွဲ့တို့က အဆိုပါကိစ္စနှင့် ပတ်သက်ပြီး မှတ်ချက်ပြုပြောဆိုခြင်းမျိုးမရှိသေးကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြထားသည်။ ဦးကျော်စွာမင်းသည် အပြစ်ပေးအမိန့်ချမှတ်ခံရမည်ဆိုလျှင် ထောင်ဒဏ် ခြောက်လ သို့မဟုတ် ငွေဒဏ် အမိန့်ချမှတ်ခံရနိုင်သလို ထောင်ဒဏ်နှင့် ငွေဒဏ်နှစ်ရပ်လုံးလည်း ချမှတ်ခံရဖွယ်ရှိနေကြောင်း သိရသည်။ ဦးကျော်စွာမင်း၏ရှေ့နေဖြစ်သူက ၎င်း၏အမှုသည်ကို ဗြိတိန်ရဲတပ်ဖွဲ့က လာရောက်စစ်ဆေးမေးမြန်းခဲ့သော်လည်း စွဲချက်တင်ခြင်းမျိုးမရှိသေးကြောင်း ပြောသည်။ ဗြိတိန်ရှေ့နေချုပ်သည် ဦးကျော်စွာမင်း ကို စွဲချက်တင်နိုင်ရန် လုံလောက်သော သက်သေများ ရှိမရှိဆိုသောအချက်ကို စစ်ဆေးဆုံးဖြတ်သွားဖွယ်ရှိနေကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် အာဏာအငြင်းပွားမှုများဖြစ်ပွားခဲ့ပြီးနောက်ပိုင်း ဗြိတိန် နိုင်ငံအပါအဝင် နိုင်ငံအချို့သည် နစက သို့မဟုတ် NUG ကို မြန်မာနိုင်ငံ၏တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုခြင်းမျိုးမရှိသေးကြောင်း ရိုက်တာသတင်းတွင် ဖော်ပြထားသည်။

Ref- — Reuters

Leave a Reply

Your email address will not be published. Required fields are marked *