၂. ၁၁. ၂၀၂၂

Written by Tha Doe

ထောက်ကြံ့တွင်သာ ယနေ့နေ့လယ်မီးပျက်မည်ဟု ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းက ကြေညာထားသော်လည်း ရန်ကုန်မြို့နယ်အများစုတွင် ယနေ့ နံနက်ခင်းမှ စတင်ပြတ်တောက်နေကြောင်း သိရသည်။

လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့်ကွပ်ကဲရေးဦးစီးဌာန၊ (၂၃၀) ကေဗွီ၊ လှော်ကားပင်မဓာတ်အားခွဲရုံတွင် (၃၃)ကေဗွီ လှော်ကား-ကြက်ဖြူကန်ဓာတ်အားလိုင်း၏ Current Transformer R Phase ဆီယိုခြင်းအား ထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်းကို ယနေ့ ၁၂ နာရီမှ ၂ နာရီအချိန်အထိ အရေးပေါ်ဆောင်ရွက်သွားမည်ဖြစ်သည်။ အဆိုပါ လုပ်ငန်းဆောင်ရွက်နေစဉ်အတွင်း ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ထောက်ကြန့်မြို့နယ်၏ နေရာအချို့တို့တွင် ယာယီဓာတ်အားပြတ်တောက်မှုရှိမည်ဖြစ်ပါကြောင်းနှင့် အရေးကြီးနေရာများ လျှပ်စစ်ဓာတ်အားပြတ်တောက်မှုမရှိစေရေး အလေးထားဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း မိဘပြည်သူများထံသို့ လေးစားစွာ အသိပေးပန်ကြားအပ်ပါသည်ဟု YESC က ထုတ်ပြန်ထားသည်။ သို့သော်လည်း လက်တွေ့တွင်မူ ရန်ကုန်မြို့နယ်အများစုမှာ ယနေ့နံနက်မှ စတင်၍ မြောက်ဒဂုံ၊ သာကေတ၊ ဗဟန်း၊ အရှေ့  ဒဂုံ၊ ဒဂုံဆိပ်ကမ်း၊ သန်လျင်၊ အင်းစိန်၊ ရွှေပြည်သာ၊ မြောက်ဥက္ကလာ စသည့်မြို့နယ်များနှင့် အခြားမြို့နယ်များတွင်ပါ လျှပ်စစ်ဓာတ်အားပြတ်တောက်နေကြောင်း သိရသည်။

“အခုရက်ပိုင်း မီးအရမ်းပျက်ပါတယ်။ မြောက်ဒဂုံ ၃၉ (ခ) ရပ်ကွက်က မနက် ၅ နာရီလောက်ကတည်းက မီးပျက်တာ မနက် ၈ နာရီလောက်မှ ပြန်လာတယ်။ ၁၅ မိနစ်လာပြီး ပြန်ပျက်တာ။ အခု မနက် ၉ နာရီ ၅၇ မိနစ်အထိ မီးပြန်မလာသေးပါဘူး” ဟု မြောက်ဒဂုံမြို့နယ်နေ မအေးလပြည့်က ဆိုသည်။

လျှပ်စစ်မီးတာဝါတိုင်များအား ဖောက်ခွဲဖျက်ဆီးမှုနှင့် ဖောက်ခွဲဖျက်ဆီးလိုက်သည့် တာဝါတိုင်များကို PDF များက လက်နက်လုပ်​ဆောင်လာမှုများကြောင့် ကျပ်လေးဘီလျံကျော်ဆုံးရှုံးထားပြီးနောက်ပိုင်း လျှပ်စစ်ဓာတ်အားပြတ်တောက်မှုများ ပိုမိုကြုံတွေ့လာနေသည်။ ထိုသို့ လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုများကြောင့် ပြည်သူများအနေဖြင့် လုပ်ငန်းခွင်ဆိုင်ရာ အခက်အခဲများ ကုန်ကျစရိတ်များလည်း ကြုံတွေ့လာနေကြောင်း သိရသည်။

” မနက် ၆ နာရီကတည်းက ပြတ်သွားတာပါ။ အခု ၁၁ နာရီလောက်အထိ မီးပြန်မလာသေးပါဘူး။ ထမင်းအိုးတည်စ ရေနွေးဆူစကတည်းက ပြတ်သွားတာ အခုထိမလာသေးလို့ အလုပ်တွေလည်း ဘာမှမလုပ်ရသေးပါဘူး” ဟု ဗဟန်းမြို့နယ်နေ ရုံးဝန်ထမ်းတစ်ဦးက ပြောသည်။

Leave a Reply

Your email address will not be published. Required fields are marked *