၁၇. ၈. ၂၀၂၃
Written by Pan Ei

ထိပ်တန်းပြိုင်ဘက် လူကြိုက်များတဲ့ အဝတ်အစားအမှတ်တံဆိပ် Zara ပိုင်ရှင် Inditex က မြန်မာနိုင်ငံကနေ ဝယ်ယူမှုတွေကို ရပ်ဆိုင်းတော့မယ်လို့ ထုတ်ပြန်ပြီး ရက်သတ္တပတ်အနည်းငယ်အကြာမှာ ကမ္ဘာ့ဒုတိယအကြီးဆုံး ဖက်ရှင်လက်လီရောင်းချတဲ့ H&M ကုမ္ပဏီက မြန်မာနိုင်ငံက အထည်ချုပ်စက်ရုံတွေမှာ အလုပ်သမားတွေ အလုပ်သမားအခွင့်အရေးဆုံးရှုံးပြီး အလွဲသုံးစားပြုခံနေရမှုတွေကို လိုက်လံစုံစမ်းစစ်ဆေးနေတယ်လို့ ရိုက်တာသတင်းဌာနကို ပြောကြားခဲ့ပါတယ်။

ဗြိတိန်အခြေစိုက် လူ့အခွင့်အရေး လှုပ်ရှားရေးအဖွဲ့က မြန်မာနိုင်ငံမှာ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလကနေ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလအထိ အထည်ချုပ် စက်ရုံတွေမှာ အလုပ်သမားတွေ ညှင်းပန်းနှိပ်စက်ခံရမှု အမှုပေါင်း ၁၅၆ မှုရှိပြီး အရင်နှစ်က ၅၆ မှုရှိရာကနေ သုံးဆ နီးပါးပိုတိုးလာခဲ့တာဖြစ်ပြီး ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလစပြီး မြန်မာ့နိုင်ငံရေး အခြေအနေတွေကြောင့် အလုပ်သမားအခွင့်အရေးတွေ ပိုမိုယိုယွင်းလာခဲ့တာဖြစ်တယ်လို့ ဖော်ပြခဲ့ပါတယ်။

အလုပ်သမားတွေ အလုပ်သမားအခွင့်အရေးနဲ့ လူ့အခွင့်အရေး ချိုးဖောက်ခံရတာတွေထဲမှာ လုပ်ခလစာ လျှော့ချခံရတာတွေနဲ့ လုပ်ခခိုးယူခံရတာတွေဟာ မကြာခဏ တွေ့ရှိရတတ်တာတွေဖြစ်ပြီး၊ အဲ့ဒီနောက်မှာ တရားမျှတမှုမရှိတဲ့ အလုပ်ထုတ်ခံရတာတွေ၊ လူမဆန်စွာ အလုပ်ခိုင်းစေခံရတာတွေနဲ့ အချိန်ပိုလုပ်ခိုင်းတာတွေ ပါဝင်တယ်လို့ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်း၊ စီးပွားရေးနဲ့ လူ့အခွင့်အရေး အရင်းအမြစ်ဌာန (BHRRC) ရဲ့ အစီရင်ခံစာအရ သိရပါတယ်။

“BHRRC ရဲ့ အစီရင်ခံစာပါ ကိစ္စရပ်အားလုံးကို ဆက်လက်စုံစမ်းစစ်ဆေးနေပြီး လိုအပ်တဲ့နေရာတွေမှာ မြေပြင်မှာရှိတဲ့ ကျွန်ုပ်တို့ရဲ့ဒေသခံအဖွဲ့က သက်ဆိုင်သူတွေနဲ့ အနီးကပ် ပူးပေါင်းဆောင်ရွက်လျက်ရှိပါတယ်” လို့ H&M က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

BHRRC ရဲ့ စစ်ဆေးမှုတွေအရ နိုင်ငံအတွင်းက စက်ရုံ ၁၂၄ ရုံမှာ အလွဲသုံးစားလုပ်မှုတွေ ရှိနေတယ်လို့ သိရပါတယ်။

နှစ်နှစ်တာကာလအတွင်း Inditex Supplier တွေနဲ့ ဆက်စပ်နေတဲ့ အလုပ်သမ်ားတွေအပေါ် အလွဲသုံးစားလုပ်မှု ၂၁ မှုရှိပြီး H&M Supplier တွေနဲ့ အမှုပေါင်း ၂၀ ရှိကြောင်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

စပိန်ဖက်ရှင်လက်လီအရောင်းဆိုင် Tendam ကလည်း မြန်မာနိုင်ငံက အထည်ချုပ်လုပ်ငန်းတွေမှာ ပါဝင်လုပ်ကိုင်နေတာတွေကို ရပ်တန့်ဖို့ စီစဉ်နေတယ်လို့လည်း ဖော်ပြချက်တွေအရသိရပြီး Primark Brand ကလည်း ဖိအားတွေကြောင့် ပြီးခဲ့တဲ့ မတ်လက မြန်မာပြည်ကနေ ထွက်ခွာခဲ့တာကြောင့် ဝန်ထမ်း ၂,၀၀၀ ကျော် အလုပ်လက်မဲ့ဖြစ်ခဲ့ရပါတယ်။

Ref; Reuters

Leave a Reply

Your email address will not be published. Required fields are marked *