၁၆. ၈. ၂၀၂၃
Written by Peya

မာန်အောင်မြို့နယ်တွင် သမီးယောက်ဖ စကားများရာမှ လူသ-တ်မှု ဖြစ်ပြီး ယောင်္ကျားသေဆုံးသွားရာ အစ်မဖြစ်သူက တရားလိုပြုလုပ်၍ မောင်ဖြစ်သူကို တိုင်တန်းခဲ့သည်ဟု သိရကြောင်း ဒေသခံတစ်ဦးအား MT News သတင်းဌာနက ဆက်သွယ်မေးမြန်းထားချက်အရ သိရသည်။

ဖြစ်စဉ်မှာ မာန်အောင်မြို့နယ်၊ ညောင်ကုန်းရွာတွင် ဩဂုတ်လ ၁၅ ရက်က အဆိုပါကျေးရွာနေ အသက် ၂၇ နှစ်အရွယ် ဝင်းမိုးကျော်သည် ခြံဝင်းတစ်ခုတည်းတွင်နေသူ ယောက်ဖဖြစ်သည့် အသက် ၂၀ အရွယ် မောင်ထွန်းခင် (ခ) အပု ၏ အိမ်သို့ သွားရောက်စဉ် ရန်ဖြစ်စကားများခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“သိရသလောက်ကတော့ သူတို့က တစ်ခြံထဲ နေတယ်ပေါ့ဗျာ။ အိမ်ရှေ့က ဓနိအမိုးကို တိုက်မိတာမှာ စကားများ ရန်ဖြစ်ကြတယ်။ ပြီးတော့ ဓားနဲ့ ခုတ်တာကြောင့် ဝင်းမိုးကျော်ဟာ နဖူးနဲ့ ခန္ဓာကိုယ်တွေမှာ ဒဏ်ရာရပြီး သေဆုံးသွားတာပါ။ သိရသလောက် တရားခံက ထွက်ပြေးနေတယ်လို့ ကြားတယ်။ ဒါက ကျွန်တော် နောက်ဆုံးသိထားတဲ့ အခြေအနေပါ” ဟု အထက်ပါ ဒေသခံက ဆိုသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ဝင်းမိုးကျော်၏ ဇနီးဖြစ်သူက မာန်အောင်မြို့မရဲစခန်းသို့ တရားလိုပြုလုပ်တိုင်ကြားခဲ့ရာ လူသ-တ်မှုဖြင့် အမှုဖွင့်ထားပြီး တရားခံကို ဖမ်းမိရေး ဆောင်ရွက်နေကြောင်းလည်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *