April 27, 2024

ပြည်တွင်းရှိ အထည်ချုပ်လုပ်ငန်းခွင်တစ်ခုကို တွေ့ရစဉ်။

၁၆. ၈. ၂၀၂၃
Written by Nyein Kyaw

မြဝတီနယ်စပ်မှ ပို့ကုန်/သွင်းကုန်လိုင်စင်ရရှိထားသည့် ကုန်ပစ္စည်းများ နယ်စပ်ဂိတ်ပြောင်းခြင်းနှင့် ပင် လယ် ရေကြောင်းမှ ပြောင်းလဲဆောင်ရွက်ရန် ခွင့်ပြုရာတွင် CMP လုပ်ငန်းအမျိုးအစားအားလုံးလည်း အကျုံးဝင်မည်ဖြစ်ကြောင်း ကုန်သည်စက်မှုအသင်းချုပ် (UMFCCI) မှ ဩဂုတ်လ ၁၅ ရက်တွင် ထုတ်ပြန်ထားသည်။

မြဝတီလမ်းပိုင်းတွင် မိုးသည်းထန်စွာ ရွာသွန်းခြင်းကြောင့် ဩဂုတ်လ ၇ ရက်မှစတင်၍ လမ်းပိုင်းအချို့ ပျက်စီးနေသဖြင့် ကုန်သွယ်မှု နှောင့်နှေးမှုမရှိစေရန် မြ၀တီနယ်စပ်ကုန်သွယ်ရေးစခန်းမှ ပို့ကုန်/သွင်းကုန် လိုင်စင်ရရှိထားသော လုပ်ငန်းရှင်များ မြန်မာ-ထိုင်းနယ်စပ် အခြားနယ်စပ်ဂိတ်များနှင့် ပင်လယ်ရေကြောင်းမှ ဆောင်ရွက်နိုင်ရန် ပြောင်းလဲခွင့်ပြုမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနမှ ဩဂုတ်လ ၈ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန် ကြေညာထားသည်။

ပြည်တွင်းရှိ CMP လုပ်ငန်းများသည် ပြည်ပမှ ကုန်ကြမ်းတင်သွင်းပြီး ပြည်တွင်း၌ ကုန်ချောပြန်လည် ထုတ်လုပ်၍ ပြည်ပသို့ ပြန်လည်တင်ပို့နေခြင်းဖြစ်သည်။ CMP လုပ်ငန်းများသည် ကုန်ကြမ်းတင်သွင်းခြင်းနှင့် ကုန်ချောပြန်လည်တင်ပို့ခြင်း လုပ်ငန်းနှစ်ခုလုံးကို ဆောင်ရွက်နေရသည့် လုပ်ငန်းအမျိုးအစား ဖြစ်သည်။ ပြည်တွင်းအထည်ချုပ်လုပ်ငန်းများသည် CMP စနစ်ဖြင့် အဓိက ဆောင်ရွက်နေခြင်းဖြစ် သည်။

ယင်းကဲ့သို့ ဆောင်ရွက်ရာတွင် မြဝတီ နယ်စပ်မှ တင်ပို့ခြင်းနှင့် တင်သွင်းခြင်းအတွက် (ဩဂုတ်လ ၉ ရက်အထိ) လိုင်စင်ရရှိထားသည့် ပို့ကုန်/သွင်းကုန် လုပ်ငန်းရှင်များသည် လိုင်စင်ရကုန်ပစ္စည်းများအား မြန်မာ-ထိုင်း နယ်စပ်ရှိ မည်သည့်ကုန်သွယ်ရေး စခန်းမှမဆို ပြောင်းလဲ တင်ပို့/တင်သွင်းခွင့်ပြုသွားမည်ဖြစ်ပြီး၊ ပင်လယ်ရေကြောင်းမှ ပြောင်းလဲ တင်ပို့/တင်သွင်းလိုပါကလည်း ကိစ္စရပ်တစ်ခုချင်းအလိုက် စိစစ်ခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း ကုန်သွယ်ရေးဦးစီးဌာနမှ ဩဂုတ်လ ၉ ရက် တွင် အသိပေး ကြေညာခဲ့သည်။

ပို့ကုန်/သွင်းကုန်ပစ္စည်းများ ပြောင်းလဲဆောင်ရွက်ခွင့်ပြုခြင်းအတွက် လုပ်ငန်းဆောင်ရွက်မှုများ စနစ်တကျရှိစေရန်သက်ဆိုင်ရာဌာနအနေဖြင့် လုပ်ငန်းစဉ်များ (SOPs) ရေးဆွဲပြီးဖြစ်ပြီး၊ အဆိုပါ လုပ်ငန်းစဉ်များအတိုင်း ဆောင်ရွက်ခွင့်ပြုသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *