၁၅. ၈ .၂၀၂၃
Written by Min Mahar
ရွှေဘိုမြို့နယ်၊ တအုံကျေးရွာအနီးတွင် ကျောက်ကားတစ်စီး PDF များထောင်ထားသည့် မိုင်းတစ်လုံးပေါက်ကွဲမှုကြောင့် ယာဉ်မောင်းသေဆုံးသွားမှု ယမန်နေ့ နေ့လည်ပိုင်းက ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ဖြစ်စဉ်မှာ ယမန်နေ့ (ဩဂုတ်လ ၁၄ ရက်နေ့) မွန်းလွဲ ၁ နာရီကျော်လောက်က ရွှေဘိုမြို့၊ အမှတ်(၁၀)ရပ်ကွက်၊ သရက်ခြံရပ် (ဒေသအခေါ်)တွင် နေထိုင်သော အသက် ၂၉ နှစ်အရွယ် အမျိုးသားတစ်ဦးသည် ကျောက်မြောင်းမြို့ဘက်မှ ရွှေဘိုမြို့ဘက်သို့ ယာဉ်အမှတ်၊ 7H-1597၊ SKAT အမျိုးအစား အပြာရောင်မော်တော်ယာဉ်ဖြင့် ကျောက်များတင်ဆောင်ကာ တစ်ဦးတည်းပြန်လာစဉ် ရွှေဘိုမြို့နယ်၊ တအုံကျေးရွာအနီးသို့အရောက်တွင် PDF အဖွဲ့များထောင်ထားသော လက်လုပ်မိုင်း ၁ လုံးပေါက်ကွဲခဲ့ရာ ဒဏ်ရာများရရှိပြီး သေဆုံးခဲ့သွားကြောင်း ၎င်းသေဆုံးသူ၏ ဇနီးပြောပြချက်အရ သိရသည်။
အဆိုပါပေါက်ကွဲမှုကြောင့် ယာဉ်မောင်းဖြစ်သူသည် ယာဘက်လက်မောင်းရင်း မိုင်းစဖောက်ဝင်ဒဏ်ရာ ၂ ချက်နှင့်ယာဘက်ဂျိုင်းအောက် မိုင်းစဖောက်ဝင်သွားသည့်ဒဏ်ရာ ၁ ချက်တို့ အသီးသီးရရှိပြီး သေဆုံးသွားခဲ့သဖြင့် ဒေသခံလူမှုကူညီရေးယာဉ်ဖြင့် ရွှေဘိုမြို့၊ အမှတ်(၅) ရပ်ကွက်၊ မင်းရပ်ရှိ ရွှေဘိုပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။
