၁၅. ၈. ၂၀၂၃
Written by Naing Thuta
ရွှေညောင်မြို့တွင် ယမန်နေ့ညပိုင်းက ဘုရားစင်၌ ဖယောင်းတိုင်ဖြင့် ဘုရားမီးပူဇော်ရာမှ မီးလောင်မှုဖြစ်ပွားပြီး ငါးနှစ်အရွယ်ကလေးငယ်တစ်ဦး မီးလောင်သေဆုံးခဲ့ကြောင်း ဒေသခံပရဟိတအဖွဲ့များထံမှ သိရသည်။
ဖြစ်စဉ်မှာ ယမန်နေ့ (ဩဂုတ်လ ၁၄ ရက်နေ့) ည ၁၁ နာရီ ၃၀ မိနစ်ခန့်က ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရွှေညောင်မြို့၊ အောင်သပြေရပ်ကွက်၊ နယ်မြေ (၆)ရှိ အိမ်တစ်အိမ်တွင် မိခင်ဖြစ်သူနှင့် ၁၄ နှစ်အရွယ် သမီးတစ်ဦး၊ ၁၃ နှစ်အရွယ် သမီးတစ်ဦး၊ ငါးနှစ်သားအရွယ်ကလေးငယ်တစ်ဦးနှင့်အတူ နေအိမ်၌ အိပ်ပျော်နေစဉ် မိခင်ဖြစ်သူသည် ဘုရားစင်၌ ဖယောင်း တိုင်ဖြင့် ဘုရားမီးပူဇော်ရာမှ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါမီးလောင်ကျွမ်းရာသို့ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ဒေသခံပရဟိတအသင်းအဖွဲ့များနှင့် ရပ်ကွက်နေပြည်သူများမှပူးပေါင်း၍ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ မီးလောင်မှုအတွင်းမှ ကလေးနှစ်ဦးသာ အချိန်မှီကယ်ထုတ်နိုင်ကာ ငါးနှစ်အရွယ်ကလေးတစ်ဦးမှာမူ မီးလောင်သွားသည့် အထဲပါသွား၍ သေဆုံးသွားခဲ့ပြီး ၁၁ နာရီ ၄၀ မိနစ်ခန့်တွင် မီးလုံးဝ ငြှိမ်းသတ်နိုင်ခဲ့ကြောင်း ရွှေနေကြာ လူမှုကူညီရေးအသင်းမှ သိရသည်။

