April 27, 2024

၁၅. ၈. ၂၀၂၃
Written by Nyein Kyaw

ပြည်တွင်း၌ ဆေးဝါးမလုံလောက်မှုကြောင့် ပြည်ပမှနှစ်စဉ်တင်သွင်းနေရသဖြင့် ပြည်တွင်း၌ ဆေးဝါးလုံလောက်စွာထုတ်လုပ်နိုင်ရေးအတွက် ပြည်ပမှဆေးဝါးကုန်ကြမ်းများ တင်သွင်း၍ ပြည်တွင်းစက်မှုလုပ်ငန်းများဖြင့် ထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ရန်လိုအပ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေး​ကောင်စီ(SAC)ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဩဂုတ်လ ၁၄ တွင် ပြုလုပ်သည့် BPI Pharmaceutical Museum ဖွင့်ပွဲအခမ်းအနားတွင် ပြောကြားခဲ့သည်။

မိမိတို့နိုင်ငံ၏ မျှော်မှန်းသက်တမ်းမှာ အခြားနိုင်ငံများထက်နည်းပါးလျက်ရှိကြောင်း၊ ထို့ကြောင့် ပြည်သူများ၏ ကျန်းမာရေးနှင့် ပတ်သက်၍ ပညာပေးခြင်း၊ ကာကွယ်ခြင်းနှင့် ကုသခြင်းများကို ဆောင်ရွက်ပေးနိုင်ရန်လိုသဖြင့် ထိုသို့ဆောင်ရွက်ချိန်တွင် အစွမ်းထက်သည့် ဆေးဝါးများကို အသုံးပြုနိုင်ရေး ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း SAC ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။

ဆေးဝါးများသည် လူ့အသက်အတွက် တန်ဖိုးဖြတ်မရသည့် အရာများဖြစ်ကြောင်း၊ မြန်မာ့ဆေးဝါးလုပ်ငန်း၊ ဆေးဝါးစက်ရုံ(အင်းစိန်)မှ ပြည်သူများအတွက် လိုအပ်သည့်ဆေးဝါးများကို ထုတ်လုပ်ပေးနေခြင်းဖြစ်သည့်အတွက် နိုင်ငံအတွက် အထောက်အကူပြုသည့် စက်ရုံတစ်ခုဖြစ်ကြောင်း၊နိုင်ငံတော်ပိုင်စက်မှုလုပ်ငန်းများမှ ထုတ်လုပ်လိုက်သည့် ကုန်ပစ္စည်းများကို ပြည်သူများ ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူအသုံးပြုနိုင်ရန်၊ အရည်အသွေးကောင်းမွန်ရန်နှင့် ထုတ်ပိုးမှုများလည်း ကောင်းမွန်ရန်လိုအပ်ကြောင်း SAC ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။

လက်ရှိတွင် မြန်မာနိုင်ငံအတွက် လိုအပ်သည့်ဆေးဝါးများကို တပ်မတော် ဆေးဝါးစက်ရုံများမှလည်း နှစ်စဉ်ထုတ်လုပ်လျက်ရှိပြီး ပုဂ္ဂလိကဆေးဝါးထုတ်လုပ်မှုလုပ်ငန်းများမှ ဆေးဝါးများ ထုတ်လုပ်နိုင်ရေးအတွက်လည်း မြန်မာ့ဆေးဝါးလုပ်ငန်းမှ ကူညီဆောင်ရွက်ပေးရန်လိုအပ်ကြောင်း SAC ဥက္ကဋ္ဌက မှာကြားခဲ့သည်။

ဆေးဝါးစက်ရုံ(အင်းစိန်)မှ ထုတ်လုပ်သည့် ဆေးဝါးများ၏ အရည်အသွေးမှာ ခိုင်မာကောင်းမွန်ပြီးဖြစ်ကြောင်း၊ အဆိုပါရှိပြီးဖြစ်သည့် ခိုင်မာကောင်းမွန်မှုများအပေါ် အခြေခံ၍ဆေးဝါးထုတ်လုပ်မှု လုပ်ငန်းများ ပိုမိုတိုးတက်ကောင်းမွန်အောင် ဆောင်ရွက်ရန်လိုအပ်ကြောင်း SAC ဥက္ကဋ္ဌက မှာကြားခဲ့သည်။

ဆေးဝါးထုတ်လုပ်ရာတွင် အရည်အသွေးပြည့်မီသည့်ပစ္စည်းများ အသုံးပြုလျက်ရှိမှု၊ ပြည်ပမှ ဆေးဝါးတင်သွင်းမှု လျှော့ချနိုင်ရေးအတွက် ပြည်တွင်း၌ ဆေးဝါးထုတ်လုပ်မှုကို တိုးမြှင့်ဆောင်ရွက်နေမှု၊ ဆေးဝါးများ ဈေးနှုန်းသက်သာစွာဖြင့် ပြည်သူများဝယ်ယူအသုံးပြုနိုင်ရေး ဆောင်ရွက်နေမှု၊ ဆေးဝါးအမယ်သစ်များ ထပ်မံတိုးမြှင့်ထုတ်နေမှုတို့ကို စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက ဒေါက်တာချာလီသန်းက SAC ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်အောင်လှိုင်အား ရှင်းလင်းတင်ပြခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *