၁၄. ၈. ၂၀၂၃
Written by Nyein Kyaw

ပြည်တွင်းဆန်ဈေးကျဆင်းစေရန် ဝါးတန်းနှင့် ဘုရင့်နောင် ဆန်ကုန်စည်ဒိုင်နှစ်ခုမှတစ်ဆင့် သက်သာသောဈေးနှုန်းဖြင့် အရန်ဆန်များကို ဩဂုတ်လ ၇ ရက်မှစတင် ရောင်းချပေးနေပြီး လက်ရှိအချိန်အထိ အဆိုပါဆန်ကုန်ဒိုင်နှစ်ခုမှတစ်ဆင့် ဆန်အိတ်ရေ ၂,၇၀၀ ကျော် ရောင်းချထားပြီးဖြစ်ကြောင်း ဆန်ကုန်သည်များအသင်းမှ သိရသည်။

“ရောင်းပေးနေတဲ့ ကုန်စည်ဒိုင်နှစ်ခုကနေ အခုလောလောဆယ် တစ်ရက်ကို အိတ်ရေ ၄၅၀ လောက်ရှိတယ်။ တချို့ရက်ဆို အိတ်ရေ ၅၀၀ လောက်တော့ရှိတယ်။ တစ်ပတ်ကို ငါးရက်ပေါ့ စနေနဲ့ တနင်္ဂနွေ နှစ်ရက်ကိုတော့ မရောင်းဘူး။ အခုဆိုရောင်းပေးတာ ခြောက်ရက်ရှိပြီဆိုတော့ တစ်ရက်ကို ခန့်မှန်းအိတ်ရေ ၄၅၀ နဲ့တွက်ရင် အိတ်ရေ ၂,၇၀၀ ကျော်လောက်တော့ ရောင်းပြီးတဲ့အနေအထားပါ။ ဆန်အမျိုးအစားတွေ ခွဲထားတာတော့ လောလောဆယ်မရှိသေးတော့ ဘယ်ဆန်အမျိုးအစားက ဘယ်နှစ်အိတ်ရောင်းရတယ်တော့ မသိသေးဘူး” ဟု ဆန်ကုန်သည်များအသင်းမှ အတွင်းရေးမှူး ဦးအောင်မြင့်က ပြောသည်။

This image has an empty alt attribute; its file name is photo_2023-08-14_16-16-25-1024x768.jpg

ဆန်ဈေးနှုန်းကျဆင်းစေရန် ဩဂုတ်လ ၇ ရက်မှစတင်၍ သက်သာသောဈေးနှုန်းဖြင့် ဝါးတန်းလမ်းရှိ ဆန်စပါးကုန်စည်ဒိုင်၊ ဘုရင့်နောင်ရှိ ဆန်စပါးကုန်စည်ဒိုင်နှစ်ခုတွင် မှတ်ပုံတင်တစ်ခုလျှင် ပေါ်ဆန်းဆန် တစ်အိတ်နှင့် ဧည့်မထဆန် တစ်အိတ် ရောင်းချပေးနေပြီး ဩဂုတ်လအတွင်း ဆန်အိတ်ရေ ၁၇၀,၀၀၀ ရောင်းချပေးသွားနိုင်ရန် စီစဉ်ထားကြောင်း သိရသည်။

အရန်ဆန်ရောင်းချပေးမှုကို မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၊ မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များ အသင်းနှင့် Exporter ကုမ္ပဏီကြီးတို့က ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ဆန်များ‌ရောင်းချပေးရာတွင် ရွှေဘိုပေါ်ဆန်းမွှေးများ (၁၀၈) ပေါင် တစ်အိတ် ကျပ် ၁၁၀,၀၀၀ မှ ကျပ် ၁၂၀,၀၀၀ ကြား၊ ဧရာဝတီပေါ်ဆန်းမွှေးဆန်များ (၁၀၈) ပေါင် တစ်အိတ် ကျပ် ၉၄,၀၀၀ မှ ကျပ် ၉၇,၀၀၀ ကြား၊ ဧည့်မထ (၁၀ %) (၁၀၈) ပေါင် တစ်အိတ် ကျပ် ၆၅,၀၀၀၊ ဧည့်မထ (၂၅%) (၁၀၈) ပေါင် တစ်အိတ် ကျပ် ၆၀,၀၀၀ ဖြင့် ရောင်းချပေးနေခြင်းဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *