၁၃. ၈. ၂၀၂၃
Written By Thandar
ကလေးမေမေလို့ မထင်ရလောက်အောင် လှပနေတဲ့ မင်းသမီး မိုးယုစံကတော့ ကိုယ် မင်းသမီး လုပ်ခဲ့တယ်ဆိုတာကို မေ့နေတယ်၊ မိသားစုနဲ့ဆိုတော့ ပွဲတစ်ခုတက်ဖို့ ဗျာများတာတွေရှိတယ်လို့ ဆိုပါတယ်။
“တစ်ခါတလေတော့ အနုပညာအလုပ်တွေကို တိုက်ဆိုင်မှုတွေရှိရင် ပြန်လွမ်းမိတယ်။ သတိရတယ်။ အလှကုန်အတွက် ကြော်ငြာလေး ရိုက်ဖြစ်တယ်။ အိမ်ထောင်စကျခါစကတော့ အနုပညာအလုပ်တွေ မလုပ်တော့ဘူးလို့ဆုံးဖြတ်ထားတယ်။ ကြာလာတဲ့အမျှ သူများတွေ သရုပ်ဆောင်တာကြည့်ပြီး လုပ်ချင်စိတ်တွေ ပြန်ဖြစ်လာတာမျိုးလည်း ရှိတယ်။ တစ်ခါတလေလည်း မလုပ်တော့ပါဘူးလေ။ ကလေးတွေနဲ့ အိမ်ထောင်နဲ့ အလုပ်တွေရှုပ်၊ မလုပ်တော့ဘူး စိတ်လည်းဖြစ်မိတယ်။ စိတ်က နှစ်ခွဖြစ်နေတယ်” လို့ သရုပ်ဆောင် မိုးယုစံက ပြောပါတယ်။

သူမကတော့ အနုပညာ သရုပ်ဆောင်ပိုင်း အလုပ်တွေနဲ့ အဆက်အသွယ်ပြတ်နေတာ ငါးနှစ်ကျော် လောက်ရှိပြီလည်း ဖြစ်ပါတယ်။ မိုးယုစံက ပရိသတ်တွေနဲ့ မတွေ့ရတာကြာနေသလို မီဒီယာရှေ့လည်း ရောက်မလာဖြစ်ကြာပြီလို့လည်း ဆိုပါတယ်။အနုပညာနဲ့ပတ်သက်ရင် Photo Shooting လုပ်ဆောင်နေလျက်ရှိပြီး အမျိုးသားကသရုပ်ဆောင်ပိုင်းပဲဖြစ်ဖြစ် လုပ်ဆောင်ခွင့်ပြုထားတယ်လို့လည်း သိရပါတယ်။
“ ဇာတ်လမ်းတွဲ တချို့လည်း မိုးယု ကြည့်ဖြစ်တယ် ကောင်းပါတယ်။ မိုးယုတို့ ခေတ်တုန်းက ဇာတ်လမ်းတွဲကို အားမပေးကြဘူး။ အခုကျ ဇာတ်လမ်းတွဲ ခေတ်ဖြစ်လာတော့ ပိုကောင်းလာတယ်။ မိုးယုက တကယ်တော့ Brand တွေ ရူးသွပ်တဲ့သူအထဲလည်း မပါဘူး။ မိုးယုကို ကြည့်ရင် မိန်းမဆန်တယ်လို့ ထင်နိုင်ပေမဲ့ အလှအပလည်း အရမ်းမကြိုက်ဘူး။ တစ်ခါတလေ ကိုယ့် မင်းသမီးလုပ်ခဲ့တယ်ဆိုတာကို မေ့နေတယ်။ မိသားစုနဲ့ဆိုတော့ ပွဲတစ်ခုတက်ဖို့ဗျာများတာတွေရှိတယ် ”လို့ သူမက ဆက်ပြောပါတယ်။
လက်ရှိမှာတော့ မိုးယုစံက သားနှစ်ယောက်ကို ပိုင်ဆိုင်ထားတာလည်း ဖြစ်ပါတယ်။ အနုပညာ အလုပ် တွေ ခုရက်ပိုင်းမလုပ်ဖြစ်သေးသလို ကမ်းလှမ်းမှု တွေ ရှိလာရင်လည်း စဉ်းစားပြီးမှ လက်ခံမယ်လို့ ဆိုပါတယ်။



