MT News
Written by Nay Aung
ရုရှားအစိုးရသည် မြန်မာနိုင်ငံသားများကို သြဂုတ် ၁ ရက်နေ့မှစတင်ပြီး ရုရှားနိုင်ငံအတွင်းသို့ Electronic Visas ဖြင့်ဝင်ရောက်ရန် ခွင့်ပြုပေးခဲ့ကြောင်း သိရသည်။
ရုရှားအစိုးရသည် ၎င်းတို့နိုင်ငံအတွင်းကို Electronic Visas ဖြင့်ဝင်ရောက်ခွင့်ပေးမည့်နိုင်ငံများစာရင်းကို ပြီးခဲ့သောလက သတင်းထုတ်ပြန်ခဲ့ရာ အာဆီယံဒေသတွင်းနိုင်ငံများဖြစ်သော မြန်မာ၊ ဗီယက်နမ်နှင့်ကမ္ဘောဒီးယားနိုင်ငံတို့သည် စာရင်းထဲတွင် ပါဝင်လာခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံတွင် အာဏာအငြင်းပွားမှုများဖြစ်ပွားခဲ့ပြီးနောက်ပိုင်း SAC သည် ရုရှားအစိုးရနှင့် ပိုမိုနီးစပ်လာခဲ့ရာ သြဂုတ်လအတွင်း ရုရှားနိုင်ငံ၊ စိန့်ပီတာစဘတ်မြို့နှင့် Novosibirsk မြို့တို့တွင် ကောင်စစ်ဝန်ရုံးဖွင့်လှစ်ရန် စီစဉ်နေကြောင်း သိရသည်။ ထို့အပြင် ရုရှား Orthodox Church အဖွဲ့ကလည်း ၎င်းတို့အနေဖြင့် မြန်မာနိုင်ငံရန်ကုန်မြို့တွင် Orthodox Church ဘုရားကျောင်းတည်ဆောက်သွားမည်ဟု သတင်းထုတ်ပြန်ထားသည်။
၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလက ရုရှားနှင့် ယူကရိန်းတို့ စစ်ရေးပဋိပက္ခများဖြစ်လာခဲ့ပြီးနောက်ပိုင်း ရုရှားနိုင်ငံသားများသည် မြန်မာနိုင်ငံသို့ နေရပ်စွန့်ခွာလာရောက်နေထိုင်မှုများလည်း မြင့်တက်လာနေကြောင်း Asianews သတင်းဌာနတွင် ဖော်ပြထားသည်။ ၂၀၂၂ ခုနှစ် မေလတွင် ရန်ကုန်မြို့သို့ ရောက်ရှိနေထိုင်နေသူတစ်ဦးဖြစ်သော Vladislav Kokorin က ” ကျွန်တော်ဟာ ၂၀၁၀ က မြန်မာနိုင်ငံကို ပထမဆုံးအကြိမ်ရောက်ရှိခဲ့ဖူးတယ်။ မြန်မာနိုင်ငံဟာ စိတ်ဝင်စားဖို့ကောင်းတဲ့နိုင်ငံဖြစ်တယ်။ ရှေးဟောင်း အမွေအနှစ်တွေပေါကြွယ်ဝတဲ့နိုင်ငံဖြစ်တယ်” ဟု ပြောသည်။
၎င်းသည် ရန်ကုန်မြို့တွင်နေထိုင်နေသော်လည်း ကွန်ပြူတာဖြင့် အလုပ်လုပ်ကိုင်နေပြီး ကမ္ဘာတဝှမ်းမည့်သည့်နေရာကိုမဆို အလုပ်လုပ်နိုင်ကြောင်း သိရသည်။ ရုရှားနိုင်ငံသား Vladislav Kokorin က” ကျွန်တော်ဟာ မြန်မာနိုင်ငံမှာ အမှန်တကယ်ကိုပျော်ရွင်နေတယ်။ မြန်မာနိုင်ငံသားတွေဟာ ရိုးသားပြီး သဘောကောင်းကြပါတယ်။ ပွင့်လင်းမှုတွေလည်းရှိပါတယ်” ဟု ပြောသည်။
Ref- asianews.it
