April 25, 2024

ပြိုကျသွားသော ကြိုးတံတားကို တွေ့ရစဥ်

၃၁.၁၀.၂၀၂၂

Written by Pan Ei

အိန္ဒိယနိုင်ငံတွင် ကြိုးတံတားပြိုကျမှုကြောင့် တနင်္လာနေ့တွင် သေဆုံးသူ ၁၄၁ ဦးအထိ မြင့်တက်လာပြီး ထိုဖြစ်စဉ်သည် နိုင်ငံအတွင်း လွန်ခဲ့သည့် ၁၀ နှစ်အတွင်း အသေအပျောက်အများဆုံး မတော်တဆမှုတစ်ခုဖြစ်သည်ဟု အာဏာပိုင်များက ပြောသည်။

အိန္ဒိယနိုင်ငံ ဂူဂျာရတ်ပြည်နယ် မော်ဘီမြို့လယ်မှ မက်ဟူးမြစ်(Machhu River)ပေါ်ရှိ ကိုလိုနီခေတ်ကတည်းက တည်ဆောက်ထားသော အဆိုပါတံတားသည် ယမန်နေ့ ညပိုင်းတွင် အားလပ်ရက် ဖျော်ဖြေပွဲများကို ကြည့်ရှုသူများဖြင့် ပြည့်နှက်နေပြီး ညနေ ၆ နာရီ ၄၀ မိနစ် ဝန်းကျင်ခန့်တွင် ပျက်ကျခဲ့ရာ တံတားပေါ်ရှိလူများ မက်ဟူးမြစ်ထဲသို့ ပြုတ်ကျခဲ့သည်ဟု သိရသည်။

“တံတားပြိုကျမှုမှာ သေဆုံးသူ ၁၄၁ ဦးအထိ ရှိလာပါပြီ။ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ ဆက်လက်လုပ်ဆောင်နေပါတယ်” ဟု အကြီးတန်းအရာရှိ NK Muchhar က ပြောကြားပြီး သေဆုံးသူဦးရေ တိုးလာနိုင်ကြောင်း ပြောကြားခဲ့သည်။

ရဲတပ်ဖွဲ့က ကြိုးတံတားပြုပြင်ခြင်း၊ ပြုပြင်ထိန်းသိမ်းခြင်းနှင့် စီမံခန့်ခွဲခြင်းအတွက် တာဝန်ရှိသော အမည်မဖော်လိုသူများအား ရာဇ၀တ်မှုဖြင့် အမှုဖွင့်ထားသည် ဟု သိရသည်။

“ကလေးတွေ အများကြီးကို ဆေးရုံကို ပိုခဲ့တယ်” ဟု ဂူဂျာရတ်၏ ၀န်ကြီးချုပ်ဟောင်း Narendra Modi ကလည်း သေဆုံးသူများ၏ မိသားစုများအတွက် ဝမ်းနည်းကြောင်း ဖော်ပြခဲ့သည်။

၂၃၀ မီတာ (၇၅၅ ပေ) ရှည်သော အဆိုပါ ကြိုးတံတားကို ဗြိတိသျှ ကိုလိုနီ အုပ်ချုပ်စဉ် ၁၈၇၇ ခုနှစ်တွင် တည်ဆောက်ခဲ့သည်။ အဆိုပါတံတားကို ၆ လကြာ ပြင်ဆင်ပြီးနောက် ပြန်လည်ဖွင့်လှစ်ထားသည်မှာ ၁ ပတ်သာရှိသေးသည်ဟု သိရသည်။

ယခုလက်ရှိအချိန်အထိ လူပေါင်း ၁၇၇ ဦးကို ကယ်တင်နိုင်ခဲ့ပြီး ပျောက်ဆုံးနေသူအများအပြားကို ကယ်ဆယ်ရေးအဖွဲ့များက ရှာဖွေလျက်ရှိသည်။

Ref, Reuters

Leave a Reply

Your email address will not be published. Required fields are marked *