၉. ၈. ၂၀၂၃
Written by Ye Kyaw

ပြည်တွင်း၌ ဆန်ဖူလုံမှုအပြည့်အဝရှိစေရန် ပိုလျှံမှုကိုသာ စနစ်တကျတွက်ချက် တင်ပို့ရောင်းချ နေသည့် အတွက် လက်ရှိဘဏ္ဍာနှစ်ပထမ လေးလအတွင်း ပြည်ပသို့ ဆန်နှင့်ဆန်ကွဲတင်ပို့မှုမှာ ယခင်နှစ်ကာလတူထက် တင်ပို့မှုတန်ချိန် ၁၉၀,၀၀၀ ခန့်လျော့ကျသဖြင့် ဝင်ငွေဒေါ်လာသန်း ၁၁၀ ကျော် လျော့ကျခဲ့ ကြောင်း သိရသည်။

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၏ ထုတ်ပြန်ချက်များအရ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ဧပြီလမှ ဇူလိုင် လကုန် အထိ လေးလအတွင်း ပြည်ပသို့ ဆန်နှင့်ဆန်ကွဲ ၃၁၉,၄၁၃ တန်ချိန် သာ တင်ပို့နိုင်ခဲ့သဖြင့် ဝင်ငွေ ဒေါ်လာ ၁၃၈ သန်း ရရှိခဲ့ပြီး ယခင်နှစ်ကာလတူတွင်မှု ဆန်နှင့်ဆန်ကွဲ ၅၀၈,၀၉၈ တန်ချိန် အထိတင်ပို့နိုင်ခဲ့သဖြင့် ဝင်ငွေဒေါ်လာ ၂၄၉ သန်းအထိ ရရှိခဲ့ကြောင်း သိရသည်။

လက်ရှိဘဏ္ဍာနှစ်လေးလအတွင်း ပြည်ပသို့ ဆန်နှင့်ဆန်ကွဲတင်ပို့မှုသည် ယခင်နှစ်ကာလတူထက် တင်ပို့ မှု ၁၈၈,၆၈၅ တန်လျော့ကျခဲ့ပြီး နိုင်ငံခြားဝင်ငွေရရှိမှု ဒေါ်လာ ၁၁၁ သန်း လျော့ကျခဲ့ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ ထုတ်ပြန်ထားသည့် စာရင်းများအရ သိရသည်။

လက်ရှိဘဏ္ဍာနှစ်၏ လေးလတာကာလတွင် ၂၀၂၃ ခုနှစ်၊ မေလ၌ ဆန်နှင့်ဆန်ကွဲတန်ချိန် ၁၁၀,၀၀၀ ကျော်အထိ အများဆုံးတင်ပို့နိုင်ခဲ့ပြီး ပြည်တွင်း၌ ဆန်ဈေးနှုန်း စတင်မြင့်တက်လာခဲ့သော ဇွန်လတွင် တန်ချိန် ၆၀,၀၀၀ ကျော်နှင့် ဇူလိုင်လတွင် တန်ချိန် ၅၈,၀၀၀ ကျော်သာ တင်ပို့ထားခြင်းဖြစ်သည်။

ပြီးခဲ့သည့် တစ်နှစ်ခွဲအတွင်း ပြည်တွင်းဆန်ဈေးနှုန်းများသည် အမျိုးအစားအလိုက် ရာခိုင်နှုန်း ၈၀ မှ ၁၄၆ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ပြီး ကျပ် ၂၀,၀၀၀ တန် ငွေစက္ကူအသစ် ထုတ်ဝေမည်ဟု ကြေညာခဲ့သည့် ဇူလိုင်လကုန်ပိုင်းတွင် ဆန်ဈေးနှုန်းများ ထပ်မံမြင့်တက်လာခဲ့သည်။

ပြည်တွင်းဆန်ဈေးနှုန်းများ ကျဆင်းစေရန် ပြည်တွင်း၌ စားသုံးမှုများသည့် ပေါ်ဆန်းနှင့် ဧည့်မထဆန် အမျိုးအစားများကို ဩဂုတ်လ ၇ ရက်မှစတင်၍ ဆန်စပါးကုန်စည်ဒိုင် (ဝါးတန်း)နှင့် ဘုရင့်နောင် ဆန်ကုန်စည်ဒိုင်များမှ တစ်ဆင့် သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးလျက်ရှိပြီး ဩဂုတ်လအတွင်း ဆန်အိတ်ရေ ၁၇၀,၀၀၀ ရောင်းချပေးသွားနိုင်ရန် စီစဉ်ထားကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *