၇. ၈. ၂၀၂၃

Written by Nay Aung

အာဆီယံအဖွဲ့အနေဖြင့် မြန်မာ့နိုင်ငံရေးပြဿနာကို ဖြေရှင်းနိုင်စွမ်းမရှိဘူးဆိုပါက အာဆီယံအဖွဲ့ထဲသို့ ဝင်ရောက်တော့မည်မဟုတ်ကြောင်း အရှေ့တီမော ဝန်ကြီးချုပ် Xanana Gusmao က ပြောသည်။

အာဆီယံအဖွဲ့အနေဖြင့် မြန်မာနိုင်ငံကို ဒီမိုကရေစီလမ်းကြောင်းအပေါ် ပြန်လည်ရောက်ရှိစေရန်နှင့် ဒီမိုကရေစီကိုလေးစားမှုများရှိစေရန် နစကကို လက်ခံယုံကြည်အောင်လုပ်နိုင်ခြင်းမရှိသေးကြောင်းလည်း အရှေ့တီမောအစိုးရအဖွဲ့ ဝန်ကြီးချုပ်က ပြောဆိုထားသည်။

အရှေ့တီမောဝန်ကြီးချုပ်က “အာဆီယံအဖွဲ့ဟာမြန်မာနိုင်ငံကို ဒီမိုကရေစီလမ်းကြောင်းအပေါ်ပြန်လည်ရောက်ရှိစေဖို့ နစကကို လက်ခံယုံကြည်အောင်မလုပ်နိုင်ဘူးဆိုရင် အရှေ့တီမောဟာ အာဆီယံအဖွဲ့အပေါ် အပြည့်အဝယုံကြည်မှာ မဟုတ်ဘူး” ဟု ပြောသည်။

အရှေ့တီမော ဝန်ကြီးချုပ်က “ကျွန်တော်ဟာ အရှေ့တီမောနိုင်ငံရဲ့ဝန်ကြီးချုပ်ဖြစ်တဲ့အတွက် အာဆီယံအဖွဲ့ဟာ နစကကို ယုံကြည်မှုတွေဖြစ်အောင် စည်းရုံးနိုင်စွမ်းမရှိဘူးဆိုရင် အာဆီယံအဖွဲ့ထဲကို အဖွဲ့ဝင်အဖြစ် ပူးပေါင်းပါဝင်မှာမဟုတ်ဘူး။ ကျွန်တော်တို့ အရှေ့တီမောရဲ့ရပ်တည်ချက်ကို ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ကိုလည်း အသိပေးပေးပို့ထားတယ်” ဟု ပြောသည်။

မြန်မာနိုင်ငံတွင် အာဏာအငြင်းပွားမှုများဖြစ်ပွားခဲ့ပြီးနောက်ပိုင်း အာဆီယံသည် မြန်မာ့နိုင်ငံရေးကိစ္စများကို ဖြေရှင်းနိုင်ရန် ကြားဝင်ဆောင်ရွက်ခဲ့ပြီး ၂၀၂၁ ခုနှစ် ဧပြီလတွင် နစကအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်တွေ့ဆုံဆွေးနွေးကာ အာဆီယံသဘောတူညီချက်ငါးချက်ကိုသဘောတူညီမှုရရှိခဲ့သည်။ အာဆီယံ အဖွဲ့ခေါင်းဆောင်များနှင့် နစကအဖွဲ့ခေါင်းဆောင်ကြား ရရှိခဲ့သော အာဆီယံသဘောတူညီချက်ငါးချက်သည် ၂ နှစ်ကျော်ချိန်အထိ သိသာသောတိုးတက်မှုများမရှိသေးကြောင်း ဝေဖန်မှုများရှိနေသည်။

Ref- — news-viptv

Leave a Reply

Your email address will not be published. Required fields are marked *