ပြည်သူ့လူမှုစီးပွားဘဝနှောင့်နှေးအောင်လုပ်ဆောင်မှုများသည် ရွေးကောက်ပွဲနှောင့်နှေးစေကြောင်းပါ ပြောကြား

၈.၈. ၂၀၂၃
Written by Nay Moe

PDF နှင့် အချို့သော EAO များ၏ လုပ်ဆောင်မှုများကြောင့် တိုင်းရင်းသားဒေသများ၌ တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးတို့ကို ထိခိုက်စေလျက်ရှိသည့်အပြင် ကျောင်းနေအရွယ် ကျောင်းသား၊ ကျောင်းသူများ၏ ပညာသင်ကြားမှု အခွင့်အရေးများ များစွာ ဆုံးရှုံးထိခိုက်နစ်နာနေရသည်ဟု SAC ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အသစ်ဖွဲ့စည်းထားသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များအား ယမန်နေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌တွေ့ဆုံအမှာစကားပြောကြားစဥ် ထည့်သွင်းပြောကြားသည်။

ယခင်အစိုးရအနေဖြင့် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် ဖြစ်ပေါ်ခဲ့သည့် မဲမသမာမှုများကို တရားဥပဒေနှင့်အညီ ဖြေရှင်းဆောင်ရွက်ခြင်း မရှိသည့်အပြင် နိုင်ငံ တော်၏အာဏာကို အဓမ္မရယူရန်ကြိုးပမ်းခဲ့ခြင်းကြောင့် တပ်မတော်မှ ပါတီစုံ ဒီမိုကရေစီစနစ်ခိုင်မာစေရေးအတွက် နိုင်ငံတော်၏တာဝန်များကို ထမ်းဆောင်ခဲ့ရသည်။  လွှတ်တော်ကို ဖျက်သိမ်းပြီးနောက် ၎င်းတို့အနေဖြင့် ဥပဒေနှင့်အညီ ဖြေရှင်းဆောင်ရွက်ခြင်းမရှိဘဲ တရားမဝင်အဖွဲ့များဖြစ်သည့် CRPH၊ NUG နှင့် PDF အဖွဲ့များကို ဖွဲ့စည်းကာ လက်နက်ကိုင်အကြမ်းဖက်လမ်းစဉ်များကို ရွေးချယ်ခဲ့ကြရာ PDF များအနေဖြင့် EAO အဖွဲ့အချို့၏ ကူညီအားပေးမှုနှင့်အထောက်အပံ့များကိုရယူ၍ လက်နက်ကိုင်အကြမ်းဖက်မှုများကို လုပ်ဆောင် ခဲ့ကြသည်။

တပ်မတော်အနေဖြင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ငြိမ်းချမ်းရေးသဘောတူညီချက်ရရှိစေရေး ယခင်ကတည်းက ကြိုးပမ်းဆောင်ရွက်ခဲ့ပြီး ယင်းတို့ကို NCA အပေါ်တွင် အခြေခံ၍ ဆောင်ရွက်လျက်ရှိသော်လည်း အချို့ သော EAO အဖွဲ့များအနေဖြင့် NCA သဘောတူညီချက်များကို လိုက်နာခြင်းမရှိဘဲ အကြမ်းဖက်လုပ်ရပ်များ၌ ပါဝင်ဆောင်ရွက်ခြင်းကြောင့် PDF များ၏ အကြမ်းဖက်လုပ်ရပ်များ ပိုမိုဆိုးရွားလာခဲ့သည်။ ထိုကဲ့သို့သော အကြမ်းဖက်လုပ်ရပ်များကြောင့် အချို့သောဒေသများတွင် တည်ငြိမ်အေးချမ်းမှု၊ တရားဥပဒေ စိုးမိုးမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုများ ဆောင်ရွက်ရာတွင် နှောင့်နှေးကြန့်ကြာမှုများရှိခဲ့ကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။

လက်ရှိကာလတွင် PDF အဖွဲ့နှင့် အချို့သော EAO အဖွဲ့များ၏ လုပ်ဆောင်မှုများကြောင့် တိုင်းရင်းသားဒေသများ၌ တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးတို့ကို ထိခိုက်စေလျက်ရှိသည့်အပြင် ကျောင်းနေအရွယ် ကျောင်းသား၊ ကျောင်းသူများ၏ ပညာသင်ကြားမှု အခွင့်အရေးများ များစွာဆုံးရှုံးထိခိုက်နစ်နာစေလျက်ရှိရာ ဒေသခံပြည်သူများ၏ အလုပ်အကိုင်အခွင့်အလမ်းများ ဆုံးရှုံး၍ လူမှုစီးပွားဘဝများ ထိခိုက်နစ်နာစေလျက်ရှိသကဲ့သို့ တိုင်းပြည်၏ အနာဂတ်အတွက်လည်း ထိခိုက်နစ်နာမှုများ ဖြစ်ပေါ်လျက်ရှိသဖြင့် မိမိတို့အနေဖြင့် တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကို မဖြစ်မနေ ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်းလည်း SAC ဥက္ကဋ္ဌက ပြောကြားသည်။

ထို့ပြင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အန္တိမရည်မှန်းချက်မှာ လွတ်လပ်၍ တရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရေးပင်ဖြစ်သောကြောင့်  လွတ်လပ်ပြီးတရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတစ်ရပ် အောင်မြင်စွာကျင်းပနိုင်ရေးအတွက် နိုင်ငံတစ်ဝန်း တည်ငြိမ်အေးချမ်းမှုရှိစေရေး  ဆောင်ရွက်သွားရမည်ဖြစ်ကြောင်းလည်း SAC ဥက္ကဋ္ဌက ပြောကြားသည်။

SAC အနေဖြင့် လွတ်လပ်၍ တရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပ၍ ထွက်ပေါ်လာသည့်အစိုးရအား နိုင်ငံတော်၏တာဝန်များကို လွှဲပြောင်းပေးမည်ဖြစ်သည့်အတွက် ဥပဒေနှင့်အညီ လွတ်လပ်၍တရားမျှတသည့် ရွေးကောက်ပွဲကျင်းပနိုင်ရေးနှင့် တစ်နိုင်ငံလုံး အကြားအလပ်မရှိ ဆန္ဒမဲပေးပိုင်ခွင့်ရရှိစေရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ ထို့အတွက် ဆန္ဒမဲပေးခွင့်ရှိသူအားလုံး မဲပေးခွင့်ရရှိနိုင်ရေးဆောင်ရွက်ပေးရန်မှာ အစိုးရ၏ တာဝန်ဖြစ်၍ ပြည်တွင်း၊ ပြည်ပမှ မဲဆန္ဒရှင်စာရင်းများ ကောက်ယူရာတွင် မှန်ကန်မှုရှိရေး၊ ပြည်စုံရေး၊ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများအားလုံး ဆန္ဒမဲပေးနိုင်ရေးနှင့် တစ်နိုင်ငံလုံး ရာနှုန်းပြည့် ဆန္ဒမဲပေးနိုင်ရေး တာဝန်ရှိသူများအားလုံးက ကြိုးပမ်းဆောင်ရွက်သွားရန်လိုအပ်သည်ဟုလည်း ပြောကြားသည်။ ရွေးကောက်ပွဲဟူသည် ရာနှုန်းပြည့်ကျင်းပအောင်မြင်ရန်ခက်ခဲသော်လည်း ပြည်သူတို့၏ မဲပေးပိုင်ခွင့်မဆုံးရှုံးစေရေး မိမိတို့က စွမ်းအားရှိသမျှလုပ်ဆောင် ရမည်ဖြစ်ကြောင်းနှင့် စည်းစနစ်ကျနမှုရှိသည့် အထွေထွေ ရွေးကောက်ပွဲတစ်ရပ်ဖြစ်စေရေးနှင့် ၎င်းရွေးကောက်ပွဲမှ ထွက်ပေါ်လာသည့်အစိုးရကို နိုင်ငံတော်တာဝန်များ လွှဲအပ်နိုင်ရေး ဆက်လက် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်းလည်း SAC ဥက္ကဋ္ဌက ပြောကြားသည်။

နိုင်ငံတည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူများ၏လူမှုစီးပွား ဘဝဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နေမှုများအပေါ် နှောင့်ယှက်မှုများရှိနေမည်ဆိုပါ က နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူလူထု၏ လူမှုစီးပွားဘဝတိုးတက်ရေး လုပ်ငန်း စဉ်များကို နှောင့်နှေးကြန့်ကြာစေမည်ဖြစ်သည်။ ထိုသို့နှောင့်နှေးစေခြင်းသည် ပြည်သူလူထုတစ်ရပ်လုံး၏ဆန္ဒဖြစ်သည့် ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာရေးနှင့်ပြန်လည် ဖော်ဆောင်ရေးအတွက် လုပ်ဆောင်ရမည့် ရွေးကောက်ပွဲလုပ်ငန်းစဉ်အပေါ် နှောင့်နှေးစေသဖြင့် ထိုကဲ့သို့နှောင့်နှေးအောင် လုပ်ဆောင်နေသူများသည် ပြည်သူ့ဆန္ဒကို ဆန့်ကျင်နေသူ၊ ပြည်သူကိုထိခိုက်စေသူများဖြစ်သောကြောင့် အကြမ်းဖက် ဖြစ်စဉ်များအားလုံးချုပ်ငြိမ်းပြီး တည်ငြိမ်အေးချမ်းရေးနှင့် ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာစေရေးအတွက် ပြည်သူလူထုတစ်ရပ်လုံးမှလည်း ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွားကြရန်လည်း SAC ဥက္ကဋ္ဌက တိုက်တွန်းပြောကြားသည်။

Leave a Reply

Your email address will not be published. Required fields are marked *