၇.၈. ၂၀၂၃
Written by Phyo Wei

နျူကလီးယားလက်နက်မပြန့်ပွားရေးစာချုပ် (NPT) အဖွဲ့ဝင်နိုင်ငံတွေရဲ့ (၁၁)ကြိမ်မြောက် ပြန်လည်သုံးသပ်ရေးညီလာခံမှာ ဗီယင်နာမြို့အခြေစိုက် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီးဦးမင်းသိန်းက မိန့်ခွန်းပြောတဲ့ ဒီရက်သတ္တပတ်မှာပဲ အာဆီယံအပေါင်း ၁၂ နိုင်ငံက တပ်မတော်အရာရှိကြီးတွေတက်ရောက်ပြီး မြန်မာနိုင်ငံနဲ့ ရုရှားနိုင်ငံတို့က ပူးတွဲဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်နေတဲ့ အာဆီယံအပေါင်း အကြမ်းဖက်မှုတန်ပြန်တိုက်ဖျက်ရေးဆိုင်ရာ ကျွမ်းကျင်လုပ်ငန်းအဖွဲ့ရဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေးဆိုင်ရာ ပူးပေါင်းစားပွဲတင်လေ့ကျင့်ခန်း (Table Top Exercises) ကိုလည်း မြန်မာနိုင်ငံမှာ လုပ်ဆောင်ခဲ့တာ တွေ့ရပါတယ်။

တစ်ဖက်မှာလည်း ၂၀၂၃ ကုန်လုနီးလာတာနဲ့အမျှ တစ်ချိန်တည်း တစ်ပြိုင်တည်းတိုက်ဖို့ အစီအစဉ်ချထားတဲ့ EAOs တွေနဲ့ PDF တွေ LPDF တွေရဲ့ ခဲယမ်းလက်နက်စုဆောင်းမှုတွေ၊ လခရစစ်ကြောင်းထိုးမှုတွေနဲ့ LPDF တွေနဲ့ PDF တွေ PDF အချင်းချင်းအကြား နေရာလုသတ်ဖြတ်မှုတွေနဲ့ ဇာတ်တွေရှုပ် တိုက်ပွဲဖြစ်မှုတွေ ဖျက်ဆီးတိုက်ခိုက်မှုတွေ အရှိန်မြင့်လာတဲ့ အခြေအနေတွေကိုလည်း တွေ့မြင်နေရတဲ့ ဒီရက်သတ္တပတ်ရဲ့ နိုင်ငံရေးသုံးသပ်ချက်အဖြစ်တော့ PDF တွေရဲ့ အုပ်စုဖွဲ့ မုဒိမ်းမှု ထပ်ဖြစ်လာတဲ့အကြောင်း၊ ရွေးကောက်ပွဲကျင်းပပေးရေး မနှောင့်နှေးဖို့ အာဆီယံဥက္ကဋ ္ဌအင်ဒိုနီးရှားပြောလာတဲ့အကြောင်းတွေနဲ့ ဒီမိုကရေစီအုပ်ချုပ်ရေးစနစ် အမြန်ဆုံးပြန်ဖြစ်ဖို့ ကုလသမဂ္ဂ ပြောလာတဲ့အကြောင်းတွေကို တင်ပြချင်ပါတယ်။

“ဖြစ်လာပြန်တဲ့ PDF တွေရဲ့ အုပ်စုဖွဲ့ မုဒိမ်းမှု”

လက်နက်ကိုင်ပြီး အနိုင်ကျင့်တယ်ထင်လို့ လက်နက်ကိုင်ခဲ့တဲ့ PDF တွေဟာ လက်ထဲမှာ သေနတ်ရောက်သွားချိန်မှာ လက်နက်မဲ့ပြည်သူတွေကို အချိန်တစ်မိနစ်လောက်အတွင်း စွပ်စွဲချက်မျိုးစုံနဲ့ သတ်ဖြတ်လုယက်နေတာကို တွေ့မြင်လာရသလို အုပ်စုဖွဲ့ မုဒိမ်းကျင့်မှုတွေလည်း မကြာခဏလုပ်ဆောင်နေတာကို တွေ့ရပါတယ်။

ဒီအထဲမှာ အင်မတန်ဆိုးရွားယုတ်မာတဲ့လုပ်ရပ်ကတော့ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ဩဂုတ် ၂၉ ရက်နေ့မှာ စစ်ကိုင်းတိုင်း၊ ချောင်းဦးမြိုနယ်ကျေးရွာတစ်ခုက NUG ဩဇာခံ ပကဖအဖွဲဝင် ၄ ဦးဟာ အသက်မပြည့်သေးတဲ့ ကလေးငယ်တွေအပါအဝင် အမျိုးသမီးတွေ စုစုပေါင်း ၇ ဦးကို အကြောင်းပြချက်မခိုင်လုံဘဲ ဖမ်းဆီးပြီး မုဒိမ်းကျင့် သတ်ဖြတ်လိုက်ပါတယ်။ ဒီဖြစ်စဉ်သာ အခြားသော ပြည်သူတွေ၊ အခြားသော လက်နက်ကိုင်တွေသာ ကျုးလွန်မယ်ဆိုရင် NUG နဲ့ PDF တွေရဲ့ တောတွင်းဥပဒေအရ ကျုးလွန်သူတွေကို သူတို့သတ်ဖြတ်မှာဖြစ်ပေမဲ့လည်း တရားခံ ၄ ဦးက NUG ရဲ့ လက်နက်ကိုင်တွေဖြစ်နေလို့ ထိထိရောက်ရောက်အရေးယူမှုမရှိတဲ့အပြင် ကလေးတွေနဲ့ မိန်းကလေးတွေ ၇ ဦးကို ချောင်းဦး ပကဖ ၄ ယောက်က မုဒိမ်းကျင့် သတ်ဖြတ်တာတောင် မုဒိမ်းမှုကို NUG က ဖုံးကွယ်ပေးပြီး လူသတ်မှုနဲ့ အရေးယူမယ်လို့ပဲ ပြည်သူကို အသိပေးခဲ့ပါတယ်။

အခုတစ်ခါထပ်ဖြစ်တာကတော့ ၂၀၂၃ ဧပြီလအတွင်းမှာ ရန်ကုန်ကနေ ဆောမြို့နယ်ကို လာအလုပ်လုပ်တဲ့ အသက် ၂၂ နှစ်အရွက် အမျိုးသမီးငယ်တစ်ဦးကို ဆောပလဖအဖွဲ့ဝင် PDF ၈ ဦးက အကြိမ်ကြိမ်မုဒိမ်းကျင့်ခဲ့တာပါ။ ပိုဆိုးတာက အဲဒီ ပလဖ ၈ ဦးဟာ NUG ရဲ့ PDF ဖြစ်မလာခင်ကလည်း မုဒိမ်းမှု၊ ခိုးမှုတွေနဲ့ ဖမ်းဆီးအချုပ်ချခံထားရသူတွေဖြစ်ပြီး ဆောတိုက်နယ်အုပ်ချုပ်ရေးတာဝန်ခံက NUG ရဲ့ ပလဖအဖြစ်အသွင်ပြောင်းပေးထားတာပါ။ ဒီဖြစ်စဉ်ကို ဩဂုတ် ၃ ရက်မှာ လူမှုကွန်ရက်ပေါ် ရေးသားလာချိန်မှ ဆောပကဖက တောင်းပန်ပြီး မုဒိမ်းတရားခံ ၈ ဦးကို အရေးယူပါ့မယ် ထုတ်ပြန်ခဲ့တာပါ။ ဒီဖြစ်ရပ်ကိုကြည့်မယ်ဆိုရင် မုဒိမ်းမှု၊ ခိုးမှုကျုးလွန်ထားသူတွေကိုတောင် PDF အဖြစ် စုဆောင်းနေရပြီဆိုတဲ့ အခြေအနေကို မြင်နေရပြီဖြစ်သလို လူသတ်၊ မုဒိမ်းမှု ကျုးလွန်တာတောင် ဖုံးကွယ်ထားတဲ့ NUG နဲ့ ပကဖတွေ လုပ်ရပ်ကြည့်ခြင်းအားဖြင့်လည်း PDF ဟာ ပြည်သူလက်ခံတဲ့ ဖက်ဒရယ်တပ်မတော်အဖြစ် အဆင့်တက်လာစရာမမြင်ရတော့တာ တွေ့ရပါမယ်။

“ရွေးကောက်ပွဲကျင်းပရေး မနှောင့်နှေးဖို့ ပြောလာတဲ့ အင်ဒိုနီးရှား”

NUG ရဲ့ PDF တွေဟာ လက်နက်မဲ့ပြည်သူတွေကို မုဒိမ်းကျင့်၊ သတ်ဖြတ်၊ လုယက်တာတွေရဲ့ နောက်ဆက်တွဲဆိုးကျိုးအဖြစ်ကတော့ NUG ကို မြန်မာနိုင်ငံရဲ့ တရားဝင်အစိုးရအဖြစ် ဘယ်နိုင်ငံကမှ အသိအမှတ်မပြုတော့သလို NUG ကို ထောက်ခံပါတယ်ဆိုတဲ့ အမေရိကန်တို့ တီမောတို့ကတောင် တရားဝင်အစိုးရအဖြစ် မကြေညာရဲတော့ပါဘူး။ ကုလသမဂ္ဂတို့ တီမောတို့ အမေရိကန်တို့ဆိုတာဟာ ဟိုးအရင်အချိန်တုန်းက ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကိုဝမ်းကွဲ ဒေါက်တာစိန်ဝင်းတို့ရဲ့ NCGUB ကို အစိုးရတစ်ရပ်အဖြစ် အသိအမှတ်ပြုပေးခဲ့တာဖြစ်ပြီး NCGUB အသိအမှတ်ပြုခံရတာကတော့ လက်ရှိ NUG ,PDF တွေလို လက်နက်မဲ့ဝန်ထမ်းတွေ၊ သံဃာတွေ၊ ဆရာ၊ ဆရာမတွေ ကလေးသူငယ်တွေကို မုဒိမ်းကျင့်လူသတ် လုယက်မလုပ်ခဲ့လို့ပါ။

အခြားတစ်ဖက်မှာလည်း အာဆီယံနိုင်ငံတွေက မြန်မာနိုင်ငံကို ရွေးကောက်ပွဲဖြစ်မြောက်ဖို့ တွန်းအားပေးလာနေပြီး အာဆီယံဥက္ကဋ္ဌဖြစ်တဲ့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Teuku Faizasyah က ” ရွေးကောက်ပွဲကျင်းပဖို့ နှောင့်နှေးခြင်းဟာ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ပြန်လည်ရရှိစေဖို့ အဟန့်အတားတွေဖြစ်လာနိုင်တယ်။ အင်ဒိုနီးရှားအစိုးရဟာ မြန်မာ့နိုင်ငံရေးအငြင်းပွားမှုများနဲ့ပတ်သက်ပြီး ဖွံ့ဖြိုးတိုးတက်မှုအခြေအနေများကို အနီးကပ်စောင့်ကြည့်နေတယ်” လို့ ပြောလာတာကို တွေ့ရပါတယ်။

ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေမှာ မြန်မာအစိုးရအပေါ် သဘောထားတင်းမာတဲ့ မလေးရှားဝန်ကြီးချုပ်ဟာ မြန်မာနိုင်ငံနဲ့ ထိတွေ့ဖို့ အာဆီယံကို တိုက်တွန်းလာပြီး အိမ်နီးချင်း ထိုင်းနိုင်ငံတို့ အိန္ဒိယတို့ရဲ့ မြန်မာ့အရေး အလွတ်သဘောတွေ့ဆုံဆွေးနွေးမှုတွေကို ခွင့်ပြုပေးရမယ်လို့ ပြောလာပြီးနောက်မှာ ဒါဟာ အင်ဒိုနီးရှားအစိုးရဘက်ကလည်း နစကလုပ်မဲ့ ရွေးကောက်ပွဲကို အမြန်ဖြစ်မြောက်ဖို့ တွန်းအားပေးပြောလာတာပါ။ တစ်ဖက်က NUG ဟာ တော်လှန်ပါတယ်ဆိုပြီး လက်နက်မဲ့ပြည်သူတွေ၊ ဝန်ထမ်းတွေကို လိုက်လံသတ်ဖြတ် အကြမ်းဖက်နေလို့ အဲဒီလိုသတ်ဖြတ်သူတွေကို အသိအမှတ်ပြုမရတော့ချိန်မှာ ရွေ းကောက်ပွဲဖြစ်မြောက်ရေးက မြန်မာနိုင်ငံနဲ့ အာဆီယံအတွက် အကောင်းဆုံးအဖြေဆိုတာကို သဘောထားတင်းမာတဲ့ အာဆီယံနိုင်ငံတွေကိုယ်တိုင် သဘောပေါက်လာပုံပါပဲ။

“ဒီမိုကရေစီအုပ်ချုပ်ရေးစနစ် အမြန်ဆုံးပြန်ဖြစ်ရေး တိုက်တွန်းပေးတဲ့ ကုလသမဂ္ဂ”

NUG သွားနေတဲ့ သူတို့အစိုးရဖြစ်ရေးမူဝါဒကို ပြန်ကြည့်မယ်ဆိုရင် သူတို့ဟာ ဒီတိုက်ပွဲမှာ နိုင်အောင်တိုက်နိုင်ခဲ့ရင် ဆယ်စုနှစ်တစ်စုလောက်ကြာအောင် အာဏာယူထားပြီးမှ ဖက်ဒရယ်ဖွဲ့စည်းပုံအခြေခံဥပဒေဆွဲမယ်။ သူတို့ဆွဲမဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပြီးမှ ရွေးကောက်ပွဲကို သူတို့လုပ်ပေးမှာဖြစ်ပြီး အဲဒီအချိန်ကျမှ NLD က ဝင်ပြိုင်ရမယ်ဆိုတဲ့ သူတို့ အာဏာဆုပ်ကိုင်ရေးလမ်းကြောင်းကို ဦးတည်ထားပါတယ်။ ဒီကြားထဲမှာလည်း တိုက်ပွဲတွေဖြစ်နိုင်သေးသလို NUG နိုင်မဲ့အလားအလာလည်း လုံး၀မရှိတော့ချိန်မှာ မြန်မာနိုင်ငံမတည်ငြိမ်မှုအပေါ် အမြတ်ထုတ် အာဏာရယူထားမှုတွေက နှစ်ပေါင်း ၂၀၊ ၃၀ ကြာသွားနိုင်ပြီး ရှေ့မရောက်တော့မဲ့အခြေအနေမျိုးပါ။ ဒါကြောင့် အချိန်တိုအတွင်း ရွေးကောက်ပွဲဖြစ်လာ ကမ္ဘာက အသိအမှတ်ပြုနိုင်တဲ့ အစိုးရတစ်ရပ်တက်လာ။ အကြမ်းဖက်သူတွေကို ဘယ်နိုင်ငံကမှ မထောက်ပံ့ရဲတော့လို့ ချိနဲ့ငြိမ်ကျသွားချိန်ကျမှ အင်ဒိုနီးရှားနိုင်ငံလိုမျိုး Evolution နဲ့ ဒီမိုကရေစီနိုင်ငံဆီ သွားစေချင်တဲ့ ဆန္ဒမျိုး ကမ္ဘာ့နိုင်ငံတွေနဲ့ ကုလသမဂ္ဂလိုအဖွဲ့အစည်းတွေရဲ့ တွေးထင်ပြောကြားမှုတွေက မြင်နေရပါတယ်။

ဒါကြောင့်လည်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရုံး လက်ထောက်ပြောခွင့်ရသူဖာဟန်ဟတ်က “ကျွန်တော်တို့ဟာ အာဏာထိန်းသိမ်းမှုကိုဆန့်ကျင်တယ်ဆိုတာ ရှင်းရှင်းလင်းလင်း ရပ်တည်ပြောဆိုထားပါတယ်။ မြန်မာနိုင်ငံကို ဖြစ်နိုင်သမျှ မြန်မြန် ဒီမိုကရေစီနည်းကျအုပ်ချုပ်ရေးပြန်သွားဖို့ လိုလားပါတယ်”လို့ ပြောလာတာကို တွေ့ရပါတယ်။

လက်ရှိ မြန်မာနိုင်ငံမှာ အာဏာထိန်းသိမ်းမှုနှစ်နှစ်ကျော်ကာလကို ပြန်ကြည့်မယ်ဆိုရင် ပြည်သူ ၄၀၀၀၀ လောက် သတ်ဖြတ်ခံထားရပြီး ဒီအထဲမှာ ၃၀၀၀၀ ကျော်က NUG သတ်ဖြတ်ထားတာပါ။ ဒီလိုမျိုးသတ်ဖြတ်ထားမှုတွေအပြင် NUG ရဲ့ အလုံးစုံပျက်စီးရေးမူအောက်မှာ နိုင်ငံပိုင်ပစ္စည်းတွေဖြစ်တဲ့ ကျောင်းတွေ၊ လမ်းတံတားတွေ၊ လျှပ်စစ်ရုံးနဲ့ တာဝါတိုင်တွေကို ထောင်နဲ့ချီပြီးလည်း ဖျက်ဆီးထားပါသေးတယ်။ NUG နဲ့ PDF တွေရဲ့ ဒီဖျက်ဆီးမှုတွေကနေ ကင်းလွတ်ဖို့ကလည်း ရွေးကောက်ပွဲဖြစ်လာပြီး ပြည်သူရွေးတဲ့အစိုးရတစ်ရပ်တက်လာ ဒီမိုကရေစီစနစ်နဲ့ အုပ်ချုပ်မှဖြစ်လာမှာမို့လို့ မနိုင်နိုင်ဘဲနဲ့ နိုင်ငံနဲ့ပြည်သူပဲ ပျက်စီးထိခိုက်နေရတဲ့ ဒီအကြမ်းဖက်မှုလမ်းကြောင်းတွေဟာ ရပ်တန့်သင့်ပါပြီလို့ အကြံပြုတိုက်တွန်းရင်းနဲ့ ဒီတစ်ပတ်ရဲ့ နိုင်ငံရေးသုံးသပ်ချက်ကို ရပ်နားလိုက်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *