၄. ၈. ၂၀၂၃
Written by Tha Doe

၁။

ဇန်နဝါရီ ၂၉ ရက်က ကျင်းပခဲ့တဲ့ TGL#3 The Great Lethwei မြန်မာ့ရိုးရာ လက်ဝှေ့ပြိုင်ပွဲကြီးမှာ သွေးသစ်ဝင်းလှိုင်က ထွန်းထွန်းမင်းကို အမှတ်နဲ့အနိုင်ယူပြီး မြန်မာပြည်ပထမတန်းချန်ပီယံဘွဲ့ကို လွှဲပြောင်းယူသွားခဲ့ပါတယ်။ ဩဂုတ် ၂၀ မှာတော့ သူတို့ကြားက မကျေပွဲ။ ဒါမှမဟုတ် ပထမတန်းရဲ့ နန်းကျဘုရင်က ဧကရာဇ်သွေးအေးကျားဆီက သိက္ခာအရ နန်းလုပွဲ ဆင်နွှဲကြတော့မှာပါ။

ဒီတစ်ခါနန်းလုမှာက Myanmar Lethwei World Championship (MLWC) အဖွဲ့အစည်းက ကျင်းပမယ့် ရိုးရာလက်ဝှေ့ကမ္ဘာ့ချန်ပီယံပြိုင်ပွဲမှာဖြစ်လို့ ဒီပွဲမှာပါ ထွန်းထွန်းမင်းထပ်ရှုံးရင် သူဟာ TGL ရဲ့ မြန်မာပြည်ပထမတန်းချန်ပီယံအရှုံးကိုလည်း မချေပနိုင်တဲ့အပြင် ၂၀၁၆ ကနေ ဒီနေ့အထိ သူကာကွယ်ထားတဲ့ မြန်မာ့ရိုးရာလက်ဝှေ့ကမ္ဘာ့ချန်ပီယံဘွဲ့ကိုလည်း လက်လွှတ်ရမဲ့အခြေအနေဖြစ်လို့ မိအေးနှစ်ခါနာဦးမှာပါ။

ဒါပေမဲ့ ဒီတစ်ခါ ဒီတစ်ပွဲကတော့ ပထမအကြိမ်လို အမှတ်ပေးပွဲမဟုတ်ဘဲ အလဲထိုး ပွဲပါ။ အနားတောင်းပါမှာဖြစ်ပြီး ၃ မိနစ်ထိုး ၂ မိနစ်နား ငါးချီနဲ့ 80 Kg မှာ ထိုးကြမှာဖြစ်လို့ သွေးသစ်ဝင်းလှိုင်ကလည်း ထု တင်နေရတဲ့ အခိုက်အတန့်ပါ။ ဒီအခိုက်အတန့်မှာပဲ ထွန်းထွန်းမင်းက….

“ဒီပွဲကတော့ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ပုံရိပ် အကြီးဆုံးပွဲဖြစ်တဲ့ မြန်မာပြည်ချန်ပီယံလုပွဲဆိုတော့ ကျွန်တော်တို့နှစ်ယောက်လုံးကလည်း သမိုင်းဝင်ပွဲတစ်ပွဲဖြစ်စေချင်ပါတယ်။ အရင်က ချန်ပီယံလုပွဲတွေကလည်း သမိုင်းဝင်ပွဲတွေပါပဲ။ ကစားသမားကောင်းနှစ်ယောက်တွေ့ရင် တစ်ယောက်ကိုတစ်ယောက် ကြောက်ရွံ့မနေဘဲ နှစ်ယောက်စလုံး သူတင်ကိုယ်တင်ထိုးဖို့တော့ ကျွန်တော်ပြောချင်ပါတယ်”လို့ ထွန်းထွန်းမင်း ပြောခဲ့ပါတယ်။

ချန်ပီယံဟောင်း ထွန်းထွန်းမင်းက ဆိုလိုတာက သူ့ကို အနိုင်ယူသွားခဲ့တဲ့ သွေးသစ်ဝင်းလှိုင်ဟာ သူ့ကို သူတင်ကိုယ်တင်မထိုးရဲဘဲနိုင်သွားတာပါလို့ မကျေနပ်ပွဲမထိုးခင် ခနဲ့ခဲ့တဲ့ စကားပါ။

ဒါ့အပြင်လည်း ကောင်တာကောင်းတာနဲ့ ပတ်ပြေးတာလည်းမတူဘဲ စင်ပေါ်မှာ သူတင်ကိုယ်တင်ထိုးပြီး သိက္ခာရှိရှိ နိုင်ပွဲတစ်ပွဲကို ရယူပါလို့ ပြောခဲ့ပါသေးတယ်။

ဒါဆိုရင် သွေးသစ်ဝင်းလှိုင်ဟာ ထွန်းထွန်းမင်းကို ပတ်ပြေးပြီး ချန်ပီယံဆုရခဲ့တာလား။

ဒါဆိုရင်တော့ သွေးသစ်ဝင်းလှိုင်နဲ့ ထွန်းထွန်းမင်းတို့ ချန်ပီယံလုခဲ့ပြီး ထွန်းထွန်းမင်းရှုံးခဲ့တဲ့ပွဲစဉ်ကို ပြန်သွားကြရအောင်ပါ။

သေချာတာကတော့ မာဂုဏ်ဟာ

အထိုးခံနိုင်တာတစ်ခုပဲ အားသာပြီး

ပါဝါ၊ သက်လုံနဲ့ နည်းစနည်ဗျုဟာကပဲ

အောင်မြင်မှု ယူပေးမှာပါ။

ထွန်းထွန်းမင်းဟာ အဲဒီချန်ပီယံဆုလက်လွှတ်ရတဲ့ပွဲမှာ

ပါဝါတစ်ခုကလွဲရင်

သက်လုံ၊ နည်းစနစ်ဗျုဟာနဲ့ မာဂုဏ် ဘာတစ်ခုမှ

သွေးသစ်ကို အသာမရခဲ့ပါဘူး။

ဒါကြောင့်လည်း ရှုံးတာပါ….”

၂။

သွေးသစ်ဝင်းလှိုင်ကို ထွန်းထွန်းမင်းရှုံးခဲ့တဲ့ အဲဒီပွဲမှာ

“ကျားကတော့ အိုသွားပြီ။ ဒါပေမဲ့ ကျွန်တော် အသက်မကြီးသေးဘူးဆိုတာ သူ့ကို ဒီပွဲမှာ ပြသွားမယ်။ အရင်ထွန်းထွန်းမင်း ပြန်လာပြီ”လို့ ပွဲကြို ပြောခဲ့တဲ့ ထွန်းထွန်းမင်းဟာ ငယ်ဂုဏ်ရှိပြီး နည်းစနစ်သာတဲ့ သွေးသစ်ဝင်းလှိုင်ကို ငါးချီအထိ ထိုးခဲ့ရသလို စတုတ္တအချီမှာအမှတ်စဥ်နှစ်ကြိမ်အထိ အရေခံရလောက်အောင် သွေးသစ်ဝင်းလှိုင်ရဲ့ထိုးနှက်မှုခံခဲ့ရတာက ထွန်းထွန်းမင်း အမှတ်နဲ့ရှုံးရတဲ့ အဓိကအချက်ဖြစ်စေခဲ့တာပါ။

Dave Leduc ကို အရှုံးနဲ့ သရေပဲ ရင်ဆိုင်ခဲ့ရတဲ့ အသက် ၃၀ အရွယ် ထွန်းထွန်းမင်းဟာ “အကောင်ကြီးလည်း အလဲထိုးမှာပဲ” ဆိုတဲ့ အသက်နှစ်နှစ်ငယ် သွေးသစ်ဝင်းလှိုင်ကို ထိုက်ထိုက်တန်တန်ရှုံးခဲ့တာဖြစ်သလို ဒီပွဲဟာ သွေးသစ်ဝင်းလှိုင် နိုင်ကိုနိုင်သင့်တဲ့ပွဲပါ။

လူကောင်ကြီးပြီး ပါဝါသာတဲ့ ထွန်းထွန်းမင်းဟာ တရစပ်တိုက်စစ်ဆင်ခဲ့ပေမဲ့လည်း သွေးသစ်ဝင်းလှိုင်ရဲ့ ကောင်တာတွေနဲ့ ထိုးဖောက်တိုက်ခိုက်မှုတွေ တားဆီးနိုင်မှု အားနည်းခဲ့ပါတယ်။ ဒုတိယအချီမှာဆို ဖိထိုးနေတဲ့ထွန်းထွန်းမင်းလက်သီးတွေက လေထဲမှာအချည်းနှီးဖြစ်ခဲ့ပြီး သွေးသစ်ဝင်းလှိုင်ရဲ့ ကောင်တာ ထိုးချက်တွေကြောင့် ထွန်းထွန်းမင်းအထိနာခဲ့ရပါတယ်။

အဲဒီနေ့ချန်ပီယံလုပွဲမှာ သွေးသစ်ဝင်းလှိုင်ဟာ နည်းစနစ်ကျေညက်ပြီး ပညာသာသူဖြစ်ကြောင်း သက်သေပြနိုင်ခဲ့သလို လူကောင်ကြီးပြီး ပါဝါသာတဲ့ထွန်းထွန်းမင်းကို ဆိုင်ထိုးတာထက် ရှောင်ထိုး၊ ကောင်တာစောင့်ထိုးနေပေမဲ့ သူတိုက်စစ်ဆင်ချိန်တိုင်းမှာ သူ့ထိုးချက်တွေ အလဟဿမဖြစ်ခဲ့ဘဲ ထွန်းထွန်းမင်းရဲ့မျက်နှာပေါ် ထိချက်မှန်ခဲ့တာတွေက သွေးသစ်ဝင်းလှိုင် အမှတ်နဲ့အနိုင်ရဖို့ လုံလောက်စေခဲ့ပါတယ်။ ဒါ့အပြင် လူကောင်လည်းကြီး ပါဝါလည်းသာ အတွေ့အကြုံလည်းရင့်ကျက်တဲ့ ထွန်းထွန်းမင်းကို အနိုင်ရအောင် တိုက်ခိုက်ခဲ့တဲ့ သူ့ဗျုဟာ မှန်ကန်တယ်လို့ပြောရမှာဖြစ်တဲ့အပြင် တိုက်ခိုက်စွမ်းရည်ကို ဦးနှောက်နဲ့ပေါင်းစပ်ဆော့နိုင်ခဲ့တာကလည်း သူအနိုင်ရခဲ့တဲ့ အဖြေပါ။

စတုတ္တအချီဆို လိုက်ထိုး ဖိတိုက်နေတာက ထွန်းထွန်းမင်းပါ။ ဒါပေမဲ့ သွေးသစ်ဝင်းလှိုင်ရဲ့ တန်ပြန်တိုက်စစ်က မေးရိုးထိသွားတဲ့အလုံးကြောင့် ထွန်းထွန်းမင်း ခွေကျသွားတာက ပွဲအဖြေဖြစ်ခဲ့ပြီး တိုက်စစ်ဖွင့်လာတဲ့ သွေးသစ်ဝင်းလှိုင်ရဲ့ တရစပ်ထိုးချက်တွေဟာ ထွန်းထွန်းမင်း ခွေလဲပြီး ဒုတိယအကြိမ်အမှတ်စဥ်ရေရတဲ့ အထိ ဖြစ်ခဲ့သလို သုံးကြိမ်လုံး ကောင်တာချောင်းနေတဲ့ သွေးသစ်ဝင်းလှိုင်ရဲ့ လက်သီးချက်တွေဟာ စတုတ္တအချီမှာတော့ ထွန်းထွန်းမင်းကို ဖွဲအိတ်လိုထိုးနေတာလား ထင်ရအောင် ဖြစ်စေခဲ့ပါတယ်။ ဒီလိုမျိုး ဖွဲအိတ်ထိုးသလို စတုတ္တအချီမှာ အလဲအကွဲခံခဲ့ရတာ ကာမိအောင် ပဉ္စမအချီမှာ သွေးသစ်ဝင်းလှိုင်ကို အားပါးတရလိုက်ထိုးပြီး လဲကျအောင်ထိုးနေပေမဲ့လည်း ပါးပါးနပ်နပ်ထိုးသတ်နေတဲ့ သွေးသစ်ဝင်းလှိုင်ရဲ့ဗျုဟာနဲ့ ငယ်ဂုဏ်တွေ မာဂုဏ်တွေကိုတော့ ကျော်ဖြတ်နိုင်စွမ်းမရှိခဲ့ဘဲ သွေးသစ်ဝင်းလှိုင်ကို မြန်မာပြည်ပထမတန်းချန်ပီယံဘွဲ့လွှဲပြောင်းပေးခဲ့ရတာပါ။

ဒါဆိုရင်တော့ ပထမအကြိမ်ထိုးသတ်ပွဲမှာ ထွန်းထွန်းမင်းကို ကောင်တာ ဆော့သွားတဲ့ သွေးသစ်ဝင်းလှိုင်ဟာ ပွဲချိန်တစ်လျှောက်လုံးမှာ ထွန်းထွန်းမင်းကို ပတ်ပြေးနေခဲ့သလား မပြေးခဲ့ဘူးလား အဖြေပေါ်မယ်ထင်ပါတယ်။

သွေးသစ်ဝင်းလှိုင်ဟာ ပတ်မပြေးဘဲ ကောင်တာချောင်းဆော့သွားတာဖြစ်ပြီး သူပြန်ထိုးတိုင်း ထိချက်မှန်တာ၊ ထွန်းထွန်းမင်း ဖင်ထိုင်ကျအောင်၊ အမှတ်စဉ်နှစ်ကြိမ်အရေခံရအောင် ထိုးပြနိုင်ခဲ့လို့ အမှတ်အသာနဲ့ ချန်ပီယံရသွားခဲ့တာပါ။

သေချာတာကတော့ မာဂုဏ်ဟာ အထိုးခံနိုင်တာတစ်ခုပဲ အားသာပြီး ပါဝါ၊ သက်လုံနဲ့ နည်းစနည်ဗျုဟာကပဲ အောင်မြင်မှု ယူပေးမှာပါ။ ထွန်းထွန်းမင်းဟာ အဲဒီချန်ပီယံဆုလက်လွှတ်ရတဲ့ပွဲမှာ ပါဝါတစ်ခုကလွဲရင် သက်လုံ၊ နည်းစနစ်ဗျုဟာနဲ့ မာဂုဏ် ဘာတစ်ခုမှ သွေးသစ်ကို အသာမရခဲ့ပါဘူး။ ဒါကြောင့်လည်း ရှုံးတာပါ။

၃။

ချန်ပီယံဆုလက်လွှတ်ထားရတဲ့ ထွန်းထွန်းမင်းရဲ့ ပွဲကို အနီးစပ်ဆုံးကြည့်ထားရတာက ၂၀၂၃ ကမ္ဘောဒီးယားဆီးဂိမ်းမှာပါ။ 81 Kg ဗိုလ်လုပွဲအဖြစ် Prom Samnang နဲ့ ထိုးသတ်ခဲ့တာပါ။ အဲဒီပွဲမှာ ထွန်းထွန်းမင်းဟာ ပထမအချီ စက္ကန့် ၂၀ လောက်ကတည်းက Prom ရဲ့ ခြေကန်ချက်မိပြီး ကြမ်းပြင်ပေါ် ရုပ်ပျက်ဆင်းပျက်ပြုတ်ကျခဲ့တာပါ။ ကန်ချက်က မတော်ရာကိုထိသွားတယ်လို ထွန်းထွန်းမင်း အကြောင်းပြပေမဲ့ ရုပ်သံထဲမှာတော့ လေထဲခုန်ကန်တဲ့ထွန်းထွန်းမင်းကို Prom က ဖြတ်ကန်တဲ့ညာခြေကန်ချက်က ဝမ်းဗိုက်အောက်ခြေပဲထိသွားတာပါ။ ဒီ့နောက်မှာလည်း Prom ရဲ့ ကန်ချက်တွေ ဒူးတိုက်ချက်တွေထိပြီး ထွန်းထွန်းမင်းဟာ လူကောင်သာတဲ့ Prom ကို Dave Leduc လိုပဲ ထိုးရခက်နေခဲ့သလို ပထမပိုင်းတစ်ချီလုံး ထိမိတဲ့အမှတ်ရတဲ့ထိုးချက် နှစ်ချက်လောက်ပဲရခဲ့ပါတယ်။

ဒုတိယအချီမှာ ထွန်းထွန်းမင်းက ပထမအချီအရေးနိမ့်မှုကို ကာမိဖို့ ဆိုင်ထိုးပြိုင်ထိုးပိုလုပ်လာခဲ့ပေမဲ့ ပထမအချီလိုပဲ ပွဲအစ စက္ကန့် ၂၀ အတွင်းမှာကို Prom ရဲ့ ဒူးတိုက်ချက်က အရှိက်ရဲ့အထက်နား တည့်တည့်ထိသွားပါသေးတယ်။ အဆိုးဆုံးက ခြေတံလက်တံရှည်တဲ့ Prom နဲ့ ကပ်လုံးချိန်မှာ ထွန်းထွန်းမင်းရဲ့ လက်သီးတွေက လေထဲပျံနေပြီး Prom ရဲ့ ထိချက်ထိုးချက်တွေကပဲ ပိုထိနေခဲ့တာပါ။ ပိုဆိုးတာက ဒုတိယအချီမှာလည်း ထွန်းထွန်းမင်းဟာ ကြမ်းပေါ်ဒူးခွေကျတာ၊ ထိုးချက်မိပြီး ကြမ်းပေါ်ခွေကျတာ ထိချက်နာခဲ့တာပါ။ ပထမအချီရော ဒုတိယအချီပါ အသာစီးထိုးထားတဲ့ Prom ဟာ တတိယအချီမစမီကတည်းက အောင်ပွဲခံပြခဲ့ပြီး တတိယအချီပွဲချိန်အတွင်းမှာတော့ ထွန်းထွန်းမင်းကို နိုင်ပြီဆိုတာ သေချာတဲ့အထာနဲ့ ပေါ့ပေါ့းပါးပါး ထိုးသတ်သွားတာကို ခံလိုက်ရတော့တာပါပဲ။

တကယ်တော့ Prom Samnang ဟာ ဆီးဂိမ်းဆီမီးဖိုင်နယ်မှာ ထွန်းထွန်းမင်း ဖြတ်ကျော်ခဲ့ရတဲ့ Nguen Van Chein လောက်အလုံးအထည်ပါပဲ။ Nguen Van Chein နဲ့ ပွဲမှာ ထွန်းထွန်းမင်းဟာ ပျာယာခတ်မနေဘဲ သူတင်ကိုယ်တင်ကိုမှ ထိချက်ထိုးချက်တွေ မှန်ခဲ့လို ပြိုင်ဘက်ကို လဲကျအောင်ထိုးခဲ့တာကြောင့် နိုင်ခဲ့တာဖြစ်ပေမဲ့ Prom Samnang ကိုတော့ ပြောင်းပြန်ဖြစ်ခဲ့ရတာပါ။

သွေးသစ်ဝင်းလှိုင်အနီးဆုံးထိုးထားတာ ကြည့်ခွင့်ရတာက Fahsura Khunkhao Phayayom ကို သရေထိုးတာနဲ့ Pongsaklek Wonjongkam ကို အနိုင်ထိုးတဲ့ပွဲပါ။ ကရင်ပြည်နယ်ဘက်မှာ ထိုးသွားတာဖြစ်လို့ အများကတော့ သေသေချာချာ မကြည့်လိုက်ရဘဲ အဲဒီနှစ်ပွဲမှာ Pongsaklek ဆက်မထိုးရဲလို့ အရှုံးပေး
အောင်ထိုးခဲ့တဲ့ ပွဲဆိုရင် သွေးသစ်ဝင်းလှိုင်အတွက် သွေးပူလေ့ကျင့်ခန်းသဘောပဲဖြစ်ပြီး Fahsura Khunkhao Phayayom ကလည်း သရေရဖို့ကိုပဲ ဦးတည်ပြီး ထွက်ပြေးနေတဲ့ပွဲပါ။ အဲဒီပွဲမှာ အပြေးဦးတဲ့ Fahsura ဟာ သွေးသစ်ဝင်းလှိုင်ရဲ့ ပွဲသိမ်း Combo တွဲလုံးတွေ ဆက်တိုက်ရှောင်နေရတာပါ။ ဒါတောင် သူ့မျက်နှာတစ်ခုလုံး ဖူးယောင်ကွဲပြဲသွားတာပါ။

သေချာတာကတော့ ထိုင်း နှစ်ယောက်စလုံးဟာ သွေးသစ်ဝင်းလှိုင်အတွက် ခက်ခက်ခဲခဲ တည်ထိုးရတဲ့ပွဲမဟုတ်သလို သွေးသစ်ဝင်းလှိုင်ကို ပတ်ပြေးတယ်လို့ ပြောချင်ပုံရှိတဲ့ ထွန်းထွန်းမင်းအနေနဲ့လည်း အဲဒီနှစ်ပွဲကို ပြန်ကြည့်ရင် ထိုင်းလက်ဝှေ့သမားတွေ ပတ်ပြေးနေတာ မြင်ဖူးမှာဖြစ်ပြီး သွေးသစ်ဝင်းလှိုင် ကောင်တာထိုးတာနဲ့ ဘာကွာလဲ အသေအချာသိမှာပါ။

ထွန်းထွန်းမင်းဟာ ဒီပွဲမှာ သွေးသစ်ကို ထပ်ရှုံးရင်

မြန်မာပြည်ချန်ပီယံဘွဲ့အပြင်

မြန်မာ့ရိုးရာလက်ဝှေ့ကမ္ဘာ့ချန်ပီယံဘွဲ့ကိုပါ

လက်လွှတ်ရမှာဖြစ်လို့ သွေးသစ်ဝင်းလှိုင်က

ခြွင်းချက်မရှိ မြန်မာ့ရိုးရာလက်ဝှေ့ချန်ပီယံဖြစ်လာမှာ….”

၄။

ဒီပွဲမှာ ဝိဝါဒကွဲနေတာကတော့ TGL#3 The Great Lethwei မြန်မာ့ရိုးရာ လက်ဝှေ့ပြိုင်ပွဲကြီးမှာ သွေးသစ်ဝင်းလှိုင်က ထွန်းထွန်းမင်းကို အမှတ်နဲ့အနိုင်ယူပြီး မြန်မာပြည်ပထမတန်းချန်ပီယံဘွဲ့ကို လွှဲပြောင်းယူသွားခဲ့ပြီး အခုပွဲက Myanmar Lethwei World Championship (MLWC) အဖွဲ့အစည်းက ကျင်းပမယ့် ရိုးရာလက်ဝှေ့ကမ္ဘာ့ချန်ပီယံပြိုင်ပွဲဖြစ်လို့ ဒီပွဲမှာပါ ထွန်းထွန်းမင်းနိုင်လည်း သူဟာ မြန်မာ့ရိုးရာလက်ဝှေ့ကမ္ဘာ့ချန်ပီယံဘွဲ့ကာကွယ်နိုင်ရုံအဆင့်ပဲရှိပြီး TGL ရဲ့ ခေါင်းစဥ်အောက်ကထိုးတာမဟုတ်လို့ မြန်မာပြည်ပထမတန်းချန်ပီယံဟာ သွေးသစ်ဝင်းလှိုင်ပဲ ဆက်ဖြစ်နေမှာဆိုတဲ့ အယူအဆပါ။ ဒါတွေကတော့ မြန်မာရိုးရာလက်ဝှေ့အဖွဲ့ချုပ်က ရှင်းလင်းတဲ့သတ်မှတ်ချက်တွေ ထုတ်ပြန်ရမှာပါ။

သေချာတာကတော့ ဩဂုတ် ၂၀ ကို မကျေပွဲဆိုပြီး ထွန်းထွန်းမင်းပရိသတ်တွေရော၊ သွေးသစ်ဝင်းလှိုင်ပရိတ်သတ်တွေရောက သူ့လူနိုင်မှာ၊ ငါ့လူနိုင်မှာဆိုတဲ့ အတွေးနဲ့ စောင့်မျှော်နေပါပြီ။ ဒါပေမဲ့လည်း မြန်မာပြည်ချန်ပီယံ သွေးသစ်ဆီက ချန်ပီယံဘွဲ့ကို ထွန်းထွန်းမင်းအနေနဲ့ လွယ်လွယ်ကူကူပြန်ရမှာတော့ မဟုတ်ဘဲ သွေးသစ်ဝင်းလှိုင်ကို အလဲထိုးအနိုင်ရမှ ချန်ပီယံပြန်ဖြစ်ခွင့်ရမှာပါ။ အလဲထိုးစိန်ခေါ်ပွဲမှာ ငါးချီအတွင်း အလဲမထိုးနိုင်ရင် အစီးသရေဆိုတာလောက်နဲ့ပဲ အမြင့်ဆုံး ကျေနပ်ရမှာဖြစ်ပေမဲ့ အစီးသရေထိုးနိုင်ဖို့ဆိုတာတောင် လွယ်ကူတဲ့အနေအထားတော့ မရှိပါဘူး။ ပိုဆိုးတာက ထွန်းထွန်းမင်းဟာ ဒီပွဲမှာ သွေးသစ်ကို ထပ်ရှုံးရင် မြန်မာပြည်ချန်ပီယံဘွဲ့အပြင် မြန်မာ့ရိုးရာလက်ဝှေ့ကမ္ဘာ့ချန်ပီယံဘွဲ့ကိုပါ လက်လွှတ်ရမှာဖြစ်လို့ သွေးသစ်ဝင်းလှိုင်က ခြွင်းချက်မရှိ မြန်မာ့ရိုးရာလက်ဝှေ့ချန်ပီယံဖြစ်လာမှာပါ။

တစ်ဖက်မှာ သွေးသစ်ဝင်းလှိုင်ကလည်း ထွန်းထွန်းမင်းကို နှစ်ကြိမ်ဖင်ထိုင်ကျအောင်ထိုးပြတာ၊ အမှတ်စဉ်နှစ်ကြိမ် အရေခံရအောင် ထိုးပြလို့ အမှတ်အသာ အားလုံးက အနိုင်နဲ့ ထိုက်တန်ပါတယ်လို့ သဘောတူညီခံရတာတောင် ပရိသတ်တချို့က အလဲထိုးမပြလို့ ချန်ပီယံနဲ့ မထိုက်တန်သေးဘူးလို့ ဝေဖန်ခံနေရတာကို ချေဖျက်ဖို့ ထွန်းထွန်းမင်းကို အလဲထိုးအနိုင်ယူပြဖို့ လိုအပ်လာပါတယ်။

ဒီလိုမျိုး အနေအထားမှာ ကစားပွဲမစခင် Trash Talk တွေဟာ ပြိုင်ဘက်ကို စိတ်ဓာတ်အသာစီးရဖို့ ဆိုပေမဲ့လည်း သွေးသစ်ဝင်းလှိုင်လို သွေးအေးတည်ငြိမ်တဲ့ ချန်ပီယံတစ်ယောက်အတွက်တော့ Trash Talk နဲ့ အသာစီးရဖို့ မဖြစ်နိုင်လို့ အခုအချိန်မှာ ထွန်းထွန်းမင်းအနေနဲ့ မြန်မာပြည်ချန်ပီယံသွေးသစ်ဝင်းလှိုင်ကို စကားတွေနဲ့ တိုက်ခိုက်နေမဲ့အစား မာဂုဏ်တွေ၊ သက်လုံတွေ၊ နည်းစနစ်ဗျုဟာတွေ အသာရအောင်ပဲ အပြင်းအထန်လေ့ကျင့်သင့်တဲ့ အချိန်အခါလို့ပဲ….။

Leave a Reply

Your email address will not be published. Required fields are marked *