USDP ဥက္ကဋ္ဌ ဦးခင်ရီဖွဲ့စည်းသည် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ကို တွေ့ရစဥ်

MT News

Written by Tha Doe

NLD သမ္မတဟောင်း ဦးထင်ကျော် ၂၀၁၈ ခုနှစ်က နှုတ်ထွက်စဥ် ဒုတိယသမ္မတလောင်းလျာအဖြစ် အဆိုပြုခံရသူ ပျော်ဘွယ်မဲဆန္ဒနယ်မှ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းအေးမှာ လဝကဝန်ကြီးဖြစ်ခဲ့သူ ဦးခင်ရီ ဥက္ကဋ္ဌအဖြစ် ဦး​ဆောင်သည့် USDP ပါတီ၏ အထွေထွေအတွင်းရေးမှူးအဖြစ် ရွေးချယ်ခံခဲ့ရကြောင်း သိရသည်။

“စိတ်ကူးထဲတော့ လူမှန်နေရာမှန်ရွေးချယ်မယ်ဆိုရင် ဒီနေရာမှာ ဘယ်သူတော့ဖြစ်သင့်တယ်လို့ စိတ်ထဲက မရဲတရဲ မျှော်လင့်မိတာတွေရှိတယ်။ မျှော်လင့်ထားသလိုဖြစ်လာလို့ ကျေနပ်မိပါတယ်။ ပြည်ခိုင်ဖြိုးပါတီရဲ့ အထွေထွေအတွင်းရေးမှူးအဖြစ် အဘဦးသောင်းအေးကို တာဝန်ပေးအပ်တဲ့အတွက် ဂုဏ်ယူဝမ်းမြောက်မိပါတယ်”ဟု USDP ပါတီမှ ဒေါ်ယဥ်မင်းမြင့်ဆွေက ပြောသည်။

NLD အမတ်များကြီးစိုးထားသည့် ဒုတိယအကြိမ်လွှတ်တော်တွင် USDP ပါတီအမတ် ဦးသောင်းအေးမှာ NLD အစိုးရအဖွဲ့နှင့် NLD လွှတ်တော်အား မေးခွန်းများစွာဖြင့် ကိုင်လှုပ်နိုင်မှုများကြောင့် ထင်ရှားခဲ့သဖြင့်လည်း ဇေယျာသီရိမြို့နယ်မှ ဗိုလ်ချုပ်ကြီး (ငြိမ်း) ဦးလှဌေးဝင်းက ဦးသောင်းအေးကို ဒုတိယသမ္မတလောင်းအဖြစ် အဆိုပြုခဲ့ခြင်းလည်း ဖြစ်သည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ တတိယအကြိမ် ပါတီညီလာခံအစည်းအဝေး ဒုတိယနေ့ (အောက်တိုဘာ ၅ ရက်) တွင် USDP ပါတီ၏ ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌနှင့် တွဲဘက်အထွေထွေအတွင်းရေးမှုးရာထူးများ ရွေးချယ်ခဲ့ပြီး ညီလာခံပထမနေ့က ထွက်ပေါ်ခဲ့သော သတင်းများနှင့် ကွဲလွဲမှုရှိခဲ့သည်။

USDP ၏ ညီလာခံပထမနေ့ မည်သည့်ရွေးချယ်မှုမျှ မပြုလုပ်ရမီပင်လျှင် USDP ဥက္ကဋ္ဌအဖြစ် ဦးခင်ရီ၊ ဒုဥက္ကဋ္ဌများအဖြစ် ဦးမျိုးဇော်သိန်း၊ ဦးလှထွန်း၊ ဦးမြတ်ဟိန်း၊ အထွေထွေအတွင်းရေးမှူးအဖြစ် ဦးစိုးနိုင်၊ နိုင်ငံတကာဆက်ဆံရေးဌာနကြီးမှူးအဖြစ် ဦးအောင်စိုးနှင့် စီးပွားရေးရာဌာနကြီးမှူးအဖြစ် ဦးမျိုးမြင့်တို့ကို တာဝန်ပေးအပ်လိုက်သည်ဟု သတင်းများ ပျံ့နှံ့ခဲ့ပြီး အဆိုပါ သတင်းထွက်မှုများမှာ အတုများသာဖြစ်ပြီး ယနေ့တွင် ရွေးချယ်မှုများ မပြုလုပ်သေးကြောင်း USDP တာဝန်ရှိသူတစ်ဦးက ပြောသည်။ ဒုဥက္ကဋ္ဌနေရာရယူခဲ့သည့် ဦးမျိုးဇော်သိန်းမှာ တပ်မတော်မှ စစ်ရေးချုပ်ဒုတိယဗိုလ်ချုပ်ကြီးမျိုးဇော်သိန်းဖြစ်ကြောင်း သတင်းမီဒီယာများက ရေးသားခဲ့ပြီး အဆိုပါနေ့တွင်ပင် ဒုတိယဗိုလ်ချုပ်ကြီးမျိုးဇော်သိန်းအား စစ်ရေးချုပ်အဖြစ်မှ ​မြန်မာစီးပွားရေးကော်ပိုရေးရှင်းသို့ ပြောင်းရွှေ့လိုက်သည်ဟု သတင်းများထွက်ပေါ်ခဲ့သည်။

ထိုနည်းတူ နိုင်ငံတကာဆက်ဆံရေးဌာနကြီးမှုး ဦးအောင်စိုးမှာလည်း ဒုတိယဗိုလ်ချုပ်ကြီးအောင်စိုးဟု ရေးသားခဲ့သကဲ့သို့ အမှတ် (၄) စစ်ဆင်ရေးအထူးအဖွဲ့မှုး ဒုတိယဗိုလ်ချုပ်ကြီး အောင်စိုးအား မြန်မာ့စီးပွားရေးဦးပိုင်သို့ ​ပြောင်းရွှေ့လိုက်သည်ဟုလည်း တပ်မတော်သတင်းများ ပျံ့နှံ့ခဲ့သည်။

USDP ညီလာခံ၏ ဒုတိယနေ့ရွေးချယ်မှုများအရ USDP ပါတီဥက္ကဋ္ဌနေရာအား ယာယီဥက္ကဋ္ဌဦးခင်ရီက တာဝန်လွှဲပြောင်းရယူခဲ့ပြီး ဒုဥက္ကဋ္ဌ- ၁ ရာထူးအား ဦးမြတ်ဟိန်းက ဆက်လက်ရယူကာ ဒုဥက္ကဋ္ဌ- ၂ ရာထူးအား ဦးလှထွန်းက ရယူခဲ့သည်။ အထွေထွေအတွင်းရေးမှူးနေရာမှာမူ လစ်လပ်နေပြီး တွဲဘက်အထွေထွေအတွင်းရေးမှုးနေရာကိုမူ ဦးတင်အောင်ချစ်က တာဝန်ရယူခဲ့ကာ လစ်လပ်နေရာအချို့ကိုမူ ဦးခင်ရီဦးဆောင်သော CEC အဖွဲ့က ဆက်လက်ရွေးချယ်မည်ဖြစ်ပြီး အောက်တိုဘာ ၂၉ ရက် နေ့လယ်တွင် သတင်းစာရှင်းလင်းမည်ဟုလည်း ပြောဆိုခဲ့သည်။

ထို့နောက် USD ဥက္ကဋ္ဌ ဦးခင်ရီဖွဲ့စည်းသည့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့တွင် ဦးမျိုးဇော်သိန်းမှာ ဒုတိယဥက္ကဋ္ဌ (၃) ဖြစ်လာခဲ့ပြီး ဦးသောင်းအေးမှာ အထွေထွေအတွင်းရေးမှူးဖြစ်လာခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *