MT News

Written by Thettant

ချေးငွေသွားရောက်သိမ်းဆည်းသည့် Early Dawn Microfinance မှ ချေးငွေအရာရှိအမျိုးသမီးအား လုယက်၍ လည်လှီးသတ်ဖြတ်မှု အောက်တိုဘာ ၂၈ ရက်နေ့က ပေါက်ခေါင်းမြို့နယ်တွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဥ်မှာ Early Dawn Microfinance ကုမ္ပဏီမှ ဒေါ်စန်းစန်းမော်မှာ ရှားစီးဖိုကျေးရွာမှ ချေးငွေများသွားရောက်သိမ်းဆည်းရာမှအပြန် မွန်းလွဲ ၂ နာရီကျော်တွင် ရှားစီးဖို-ပေါက်ခေါင်းကားလမ်းဘေး၌ လည်ပင်းပြတ်ရှဒဏ်ရာဖြင့် သေဆုံးနေခြင်းဖြစ်ပြီး သိမ်းဆည်းလာသည့် ချေးငွေကျပ် ၁၂ သိန်းကျော်အပြင် ဆွဲကြိုးနှင့် ဖုန်းကိုပါ လုယက်ယူဆောင်သွားခဲ့သည်ဟု သိရသည်။

Early Dawn Microfinance ပေါက်ခေါင်းဌာနခွဲမှ တန်ဖိုးထားရသော ဝန်ထမ်းကောင်းတစ်ယောက်ဖြစ်သည့် ချေးငွေအရာရှိ မစန်းစန်းမော် အသက် (၃၃)နှစ် သည် အောက်တိုဘာ ၂၈ ရက်တွင် လုပ်ငန်းတာဝန်ထမ်းဆောင်ရင်း မသမာသူ၏လက်ချက်ဖြင့် ကွယ်လွန်ဆုံးပါးသွားသည့်အတွက် DAWN နှင့်တကွ ဝန်ထမ်းများအားလုံးသည် မိသားစုဝင်များနှင့်အတူ ထပ်တူထပ်မျှ ယူကြုံးမရဝမ်းနည်းကြေကွဲရကြောင်းနှင့် မိသားစုဝင်များ၏ ဝမ်းနည်းမှု၊ ထိခိုက်ခံစားရမှုများသည် စကားလုံးဖြင့်ပင် ဖော်ပြနိုင်ခြင်းငှာ မတတ်စွမ်းနိုင်ပါကြောင်း နက်နဲစွာသိရှိနားလည်ပါသည်ဟု အဆိုပါဖြစ်စဥ်အပေါ် Dawn Microfinance က ထုတ်ပြန်သည်။

DAWN အနေဖြင့် ယခုကဲ့သို့ မသမာသူ၏လုပ်ရပ်အား အပြင်းအထန်ရှုတ်ချပြီး အမှုမှန်ပေါ်ပေါက်ရန်အတွက်လည်း သက်ဆိုင်ရာတာဝန်ရှိသူများနှင့် အားသွန်ခွန်စိုက်ပူးပေါင်းပါဝင်၍ တာဝန်ယူဖြေရှင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်းလည်း ကြေညာထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *