April 29, 2024
SAC ဥက္ကဋ္ဌအား နိုလင်းဟေဇာ လာရောက်တွေ့ဆုံစဥ်

၃၁. ၁၀. ၂၀၂၂
Written by Nay Moe

(၇၇)ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၊ တတိယကော်မတီ (လူမှုရေး၊ လူသားချင်း စာနာထောက်ထားမှုနှင့် ယဉ်ကျေးမှုကော်မတီ)၌ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Noeleen Heyzer နှင့် မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ အထူးအစီရင်ခံစာတင်သွင်းသူ Thomas Andrews တို့၏ အစီရင်ခံစာများအပေါ် အပြန်အလှန်ဆွေးနွေးမှုများကို အောက်တိုဘာ ၂၅ ရက်နှင့် ၂၆ ရက်တို့တွင် ကျင်းပခဲ့ပြီး ယင်းနှစ်ဦး၏ ဆွေးနွေးမှုများကို ပြင်းထန်စွာကန့်ကွက်ရှုတ်ချ၍ ပယ်ချကြောင်း
SAC ၏ နိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာထားသည်။

Noeleen Heyzer ၏အစီရင်ခံစာပါ အကြောင်းအရာ တစ်ခုလုံးနီးပါးသည် ကုလသမဂ္ဂအမည်ခံ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးကိစ္စအတွက် လုပ်ပိုင်ခွင့်ပေးအပ်ထားသည်ဆိုသည့် သူများ၏ သိမ်းကြုံးစွပ်စွဲ ပြောကြားချက်များကို တိုက်ရိုက်ပြန်လည် ဖော်ပြထားခြင်းသာ ဖြစ်သည်။ အလားတူ မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေဆိုင်ရာ အထူးအစီရင်ခံစာတင်သွင်းသူ Thomas Andrews ၏ အစီရင်ခံစာတွင်လည်း အပြုသဘောဆောင်သော ဖော်ပြချက်တစ်ခု တစ်လေမျှမပါဝင်ဘဲ အပျက်သဘောဆောင်သည်များကိုသာ ချဲ့ကားဖော်ပြထားသည်ကို တွေ့ရသည်။

မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတစ်နိုင်ငံတည်းကို ဦးတည်သည့် ဆုံးဖြတ်ချက်အဆိုများကို အစဉ်တစိုက် ဆန့်ကျင်ခဲ့ပြီး ယင်းရည်ရွယ်ချက်ဖြင့် ခန့်အပ်၍ ပေးအပ်ထားသော လုပ်ပိုင်ခွင့်များကိုလည်း မည်သည့်အခါကမှ လက်ခံခဲ့ခြင်းမရှိပါ။ Thomas Andrews အား မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေဆိုင်ရာ အထူးအစီရင်ခံစာ တင်သွင်းသူအဖြစ် ခန့်အပ်မှုအပေါ်တွင်လည်း အသိအမှတ်ပြုခြင်း မရှိသကဲ့သို့ ပြည်ဝင်ခွင့်လည်း မပြုခဲ့ပါ။

၎င်းတို့၏ အစီရင်ခံစာများနှင့် ရှင်းလင်းတင်ပြချက်များသည် အကြမ်းဖက်အဖွဲ့များ၊ ယင်းအကြမ်းဖက်အဖွဲ့များအား အထောက်အကူပြုနေသည့် လူမှုအဖွဲ့အစည်း အမည်ခံများနှင့် လက်နက်ကိုင်အဖွဲ့အစည်းများ၏ အခြေအမြစ်မရှိ၊ မှန်ကန်မှုမရှိသည့် နှုတ်ပြောစကားများအပေါ် အခြေခံထားသည်။ စင်စစ်အားဖြင့် ဖော်ပြပါအဖွဲ့များသည် ပြည်ပအဖွဲ့အစည်းအချို့ထံမှ တရားမဝင်အကူအညီများ ရရှိနေကြောင်းလည်း တွေ့ရှိရသည်။

ကုလသမဂ္ဂမှ မြန်မာနိုင်ငံအရေး ကျွမ်းကျင်သူများဟုဆိုသူများက ကချင်ပြည်နယ်၊ အနန့်ပါ၌ ၂၃-၁၀-၂၀၂၂ ရက်တွင် ဖြစ်ပွားခဲ့သည့်ဖြစ်စဉ်ကို တစ်ဖက်သတ် မမှန်မကန် ဖန်တီးလုပ်ကြံထားသော သတင်းများနှင့် စွပ်စွဲချက်များကို အခြေခံ၍ မီးမောင်းထိုး ပုံကြီးချဲ့ ပြောကြားခဲ့သည်။ သို့ရာတွင် ၁၂-၁၀-၂၀၂၂ ရက်တွင် KNLA တပ်မဟာ (၁) နှင့် NUG ၊ CRPH တို့၏ လက်ဝေခံ PDF များက ကျိုက်ထီးရိုးစေတီ၌ ဘုရားဖူးသူများကို ပစ်မှတ်ထား တိုက်ခိုက်မှုကြောင့် သေကြေစေခဲ့မှုနှင့် ၂၁-၁၀-၂၀၂၂ ရက်တွင် KNU/ KNLA တပ်မဟာ (၆) လက်အောက်ခံတပ်ရင်းများ၊ KKO ခွဲထွက်အဖွဲ့နှင့် NUG ၊ CRPH တို့၏လက်ဝေခံ PDF များက ကော့ကရိတ်မြို့ရှိ လူနေရပ်ကွက်များသို့ ဝင်ရောက်ပစ်ခတ် တိုက်ခိုက်မှုကြောင့် ထိုဒေသရှိ အပြစ်မဲ့ပြည်သူများ ထိခိုက်သေဆုံးခဲ့မှုတို့ကိုမူ နှုတ်ဆိတ်နေခဲ့ကြသည်။ ထို့အပြင် အပြစ်မဲ့ပြည်သူ ၄,၀၇၃ ဦးကို သတ်ဖြတ်ခဲ့သည့် NUG နှင့် PDF တို့၏ အကြမ်းဖက် တိုက်ခိုက်မှုများအပေါ် မျက်ကွယ်ပြု လျစ်လျူရှုခဲ့ကြသည်။ ထို့ကြောင့် ကုလသမဂ္ဂအမည်ခံ အထူးကိုယ်စားလှယ်နှင့် အထူးအစီရင်ခံစာ တင်သွင်းသူများ၏ ဆောင်ရွက်ချက်များသည် ဓမ္မဓိဋ္ဌာန်ကျမှုမရှိဘဲ ဘက်လိုက်မှုရှိကြောင်း တွေ့ရသည်။

မြန်မာနိုင်ငံအရေးကိစ္စနှင့် ပတ်သက်၍ မှန်ကန်မှုမရှိသည့် သတင်းအချက်အလက်များနှင့် ချဲ့ကားထားသည့် အချက်များကို အခြေခံ၍ နိုင်ငံတကာ၏ အာရုံစိုက်မှုရရှိရန် ရည်ရွယ်လျက် ၂၅-၁၀-၂၀၂၂ ရက်နှင့် ၂၆-၁၀-၂၀၂၂ ရက်တို့တွင် တတိယကော်မတီအစည်းအဝေးများ၌ ပြုလုပ်ခဲ့သည့် အပြန်အလှန်ဆွေးနွေးမှုများသည် ကုလသမဂ္ဂအနေဖြင့် ဘက်မလိုက်သော၊ ပညာရှင်ဆန်သော ယင်း၏ကိုယ်ပိုင်ဝိသေသ လက္ခဏာများကို ကိုယ်တိုင်ပြန်လည် ဖျက်ဆီးနေသည့် ဂုဏ်သရေ ညှိုးနွမ်းစေသော လုပ်ရပ်များသာဖြစ်သည်။

ကုလသမဂ္ဂတွင် တန်းတူညီမျှမှု ရှိရမည်ဆိုသည့် မူဝါဒကို အဖွဲ့ဝင်နိုင်ငံများအားလုံးက ကုလသမဂ္ဂထံ အပ်နှင်းထားပြီး၊ ယင်းမူဝါဒများနှင့်အညီ ထိန်းသိမ်းရပ်တည်ပေးကြသော အဖွဲ့ဝင်နိုင်ငံများအား မြန်မာနိုင်ငံက ကျေးဇူးတင်ရှိကြောင်း ဖော်ပြအပ်သည်။ တစ်ချိန်တည်းမှာပင် အထက်ဖော်ပြပါ ချို့ယွင်းမှုများရှိသော အစီရင်ခံစာများ၊ မြန်မာနိုင်ငံကို ကိုယ်စားပြုသည့် တရားဝင်ကိုယ်စားလှယ်များ ပါဝင်ခြင်းမရှိသည့် အပြန်အလှန် ဆွေးနွေးမှုများနှင့် နိုင်ငံအချို့၏ မြန်မာနိုင်ငံပြည်တွင်းရေး စွက်ဖက်ပြောကြားချက်များကို မြန်မာနိုင်ငံက ပြင်းထန်စွာ ရှုတ်ချ၍ ပြတ်သားစွာ ကန့်ကွက်ပယ်ချသည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာသည်။

Leave a Reply

Your email address will not be published. Required fields are marked *