၂၂. ၇. ၂၀၂၃
Written by Peya

မြန်မာ့ ပထမဦးဆုံး ငါးလုပ်ငန်းနှင့်သက်ဆိုင်သည့် သိပ္ပံကျောင်းဖြစ်သော ငါးလုပ်ငန်းသိပ္ပံ (တွံတေး) အား ယခင်နှစ်က စတင်ဖွင့်လှစ်ခဲ့ရာ ကျောင်းသားဦးရေ နည်းပါးခဲ့ပြီး ယခုနှစ်တွင် ကျောင်းသားဦးရေ ၁၀၀ ကို ခေါ်ယူမည်ဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် နီးစပ်သူ တစ်ဦးက MT News သတင်းဌာနသို့ ပြောသည်။

အဆိုပါ ကျောင်းက သင်တန်းသားများကို ခေါ်ယူနေပြီ ဖြစ်ကာ သုံးနှစ်သင်တန်းတက်ရောက်ရမည်ဖြစ်ပြီး ငါးလုပ်ငန်းနှင့် ရေသတ္တဝါမွေးမြူရေး ဒီပလိုမာသင်တန်း အောင်မြင်ပြီးပါက ဒီပလိုမာလက်မှတ်ရမည်ဖြစ်သည့်အပြင် အရည်အချင်း ပြည့်မီသူများသည် ရန်ကုန်တက္ကသိုလ်တွင် B.Sc (Fisheries and Aquaculture) သင်တန်းသို့ တက်ရောက်ရန် ဝင်ခွင့် ဖြေဆိုနိုင်မည် ဖြစ်သည်။

“မနှစ်က စတာပါ။ မနှစ်ကတော့ မီအောင် ဖွင့်လိုက်တာပါ။ ကျောင်းသား ဦးရေကတော့ ၁၀၀ မပြည့်လိုက်ဘူးပေါ့။ ဒီနှစ်ကတော့ ပုံမှန်အတိုင်း ဖွင့်မှာ ဖြစ်တယ်လို့ သိရပါတယ်။ ကျောင်းသားဦးရေ သတ်မှတ်ပြီးခေါ်မှာဖြစ်ပြီး ကျောင်းသားဦးရေ ၁၀၀ ကို ခေါ်ယူမှာဖြစ်တယ်လို့ သိရပါတယ်” ဟု အထက်ပါနီးစပ်သူက ဆိုသည်။

ကျောင်း တက်ရောက်လိုသူ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် အဆိုပါ ကျောင်းသို့ စက်တင်ဘာလ ၃၀ ရက် နောက်ဆုံးထားကာ ကျောင်းသို့ တိုက်ရိုက်ပေးပို့ လျှောက်ထားရမည်ဖြစ်ပြီး သိပ္ပံဘာသာတွဲဖြင့် တက္ကသိုလ်ဝင်တန်း အောင်မြင်ရမည်ဖြစ်ကာ လျှောက်လွှာပိတ်သည့် အချိန်တွင် အသက် ၂၂ နှစ်ထက် မကြီးသူ ဖြစ်ရမည်ဖြစ်ကြောင်းလည်း သိရသည်။

တက်ရောက်ခွင့်ရသူ အမည်စာရင်းနှင့် ကျောင်းဖွင့်မည် ရက်ကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ငါးလုပ်ငန်းဦးစီးဌာနများနှင့် ငါးလုပ်ငန်းသိပ္ပံ (တွံတေး) က အကြောင်းကြားပေးမည် ဖြစ်ကြောင်းလည်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *