အမေရိကန်နှင့် မက္ကဆီကိုနှစ်နိုင်ငံနယ်စပ်အနီး မက္ကဆီကို နိုင်ငံအတွင်း ရေနိုဆာ ဒေသတွင် အပိုင်းပိုင်းခုတ်ထစ်သတ်ဖြတ်ခံထားရသူ ၂၇ ဦး၏အလောင်းများ မြှုပ်နှံထားရာ ကျင်းများကို ပြန်လည်တွေ့ရှိရစဉ်
◾မူးယစ်ဂိုဏ်း၊ ပြန်ပေးဂိုဏ်းများ ကြီးစိုးရာ မက္ကဆီကိုနိုင်ငံအတွင်း ပျောက်ဆုံးနေသူပေါင်း တစ်သိန်းခန့်ရှိနေ
၂၁. ၇. ၂၀၂၃
Translated by Htwe Ko Tun
အမည်မသိ သဲလွန်စတစ်ခုအား လိုက်လံစုံစမ်းမှုများအရ အမေရိကန်နှင့် မက္ကဆီကို နှစ်နိုင်ငံနယ်စပ်အနီး မက္ကဆီကို နိုင်ငံအတွင်း ရေနိုဆာဒေသတွင် နယ်စပ်မှတောင်ဘက်သို့ လေးမိုင်ခန့်သာကွာဝေးသောနေရာ၌ လူ ၂၇ ဦးအား အပိုင်းပိုင်းခုတ်ထစ်သ-တ်ဖြတ်၍ လျှို့ဝှက်စွာမြေမြှုပ်ထားသောကျင်းများအား ဇူလိုင်လအတွင်းက တွေ့ရှိခဲ့ရကြောင်း ဇူလိုင်လ ၁၉ ရက်တွင် ဒေသအာဏာပိုင်များ၏ ကြေညာချက်တစ်ခု၌ ဖော်ပြခဲ့သည်။
အဆိုပါ လူသေအလောင်းများကို မြှုပ်နှံထားသောကျင်းများအား Collectivo စေတနာ့ဝန်ထမ်းအဖွဲ့က ဇူလိုင်လ ၁၄ ရက်တွင် စတင်တွေ့ရှိခဲ့ကြောင်း မက္ကဆီကိုနိုင်ငံ၊ တာမောလီပါ့စ်ပြည်နယ် ရှေ့နေချုပ်၏ ဇူလိုင်လ တတိယပတ်အတွင်း ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။ တွေ့ရှိနေရာတွင် လူသေအလောင်းများအား ဆေးစစ်ဆေးရန် ကျွမ်းကျင်သူများက လေးရက်ကြာစစ်ဆေးမှုများပြုခဲ့ပြီးနောက် ၎င်းတို့က လူ ၂၇ ဦးအား အပိုင်းပိုင်းခုတ်ထစ်သ-တ်ဖြတ်ပြီး မြှုပ်နှံထားသည့် အရိုးစုများဖြစ်ကြောင်း၊ ၎င်းတို့ကို လွန်ခဲ့သည့်တစ်လမှ နှစ်လအတွင်း မြှုပ်နှံထားခဲ့ကြသည်ဟု ခန့်မှန်းရကြောင်း ပြောခဲ့သည်။
တွေ့ရှိအလောင်းများအနက် လေးခုမှာ ၎င်းတို့တွင် ထိုးနှံထားသည့် မတူညီသော ဆေးကွင်းမင်ကြောင်များအရ မည်သူမည်ဝါဖြစ်ကြောင်း ခွဲခြားသိခဲ့ကြသည်။ သို့သော် အလောင်းအများစုမှာ အပိုင်းပိုင်းခုတ်ထစ်ခံထားရမှုကြောင့် မည်သူမည်ဝါဟု ခွဲခြားခြင်းမပြုနိုင်ကြောင်းလည်း သိရသည်။
မက္ကဆီကိုတွင် နိုင်ငံတစ်ဝန်းနှင့် နယ်စပ်ဒေသများ၌ ယခုကဲ့သို့ အစုလိုက်အပြုံလိုက်သ-တ်ဖြတ်ခံရသူများအား တွေ့ရှိနေကျဖြစ်ပြီး၊ မူးယစ်ဆေးဝါးဂိုဏ်းများနှင့် ပြန်ပေးဂိုဏ်းများက ၎င်းတို့၏ဓားစာခံပြန်ပေးဆွဲထား သူများကို ယခုကဲ့သို့ပင် အစဖျောက်ရှင်းလင်းလေ့ရှိသည်။ မက္ကဆီကိုနိုင်ငံတွင် ဤကဲ့သို့ ပျောက်ဆုံးနေသူပေါင်း ၁၀၀,၀၀၀ ခန့်ရှိပြီး ဂျာလီဆိုပြည်နယ်တွင် လူ ၁၅,၀၀၀ ခန့်ပျောက်ဆုံးနေ၍ အများဆုံးဖြစ်ကာ တာမောလီပါ့စ် ပြည်နယ်တွင်လည်း လူ ၁၃,၀၀၀ ခန့် ပျောက်ဆုံးနေသဖြင့် ဒုတိယအများဆုံးဖြစ်ကြောင်း အချက်အလက်များက ဖော်ပြခဲ့သည်။
Ref—-people.com

