MT News
၁၇. ၇. ၂၀၂၃

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်မှာ တည်ထားကိုးကွယ်ဖို့ တည်ဆောက်နေတဲ့ ကမ္ဘာပေါ်က ထိုင်တော်မူကျောက်ဆစ်ရုပ်ပွားတော်တွေထဲ ဥာဏ်တော်အမြင့်ဆုံးဖြစ်လာမဲ့ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ဗုဒ္ဓါဘိသေက အနေကဇာတင်မင်္ဂလာအခမ်းအနားကို ဒုတိယဝါဆိုလပြည့်နေ့ (ဩဂုတ်လ ၁) ရက်မှာ ကျင်းပမှာဖြစ်ပြီး တည်ဆောက်ပြီးစီးမှုအခြေအနေတွေကို ဇူလိုင် ၁၆ ရက်မှာ SAC ဥက္ကဋ္ဌက ရှင်းလင်းပြသတဲ့ အခမ်းအနား ကျင်းပခဲ့ပါတယ်။

ဒီရှင်းလင်းပြသမှုမှာ ယာယီသမ္မတ ဦးမြင့်ဆွေနဲ့ဇနီး ဒေါ်ခင်သက်ဋ္ဌေး၊ ဦးဆောင်ဘုရားဒါယကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ဇနီး ဒေါ်ကြူကြူလှ၊ နိုင်ငံတော်သမ္မတ (ငြိမ်း) ဦးသိန်းစိန်နဲ့ အခြားသော ဖိတ်ကြားခံပုဂ္ဂိုလ်များစွာတက်ရောက်ခဲ့သလို အလှူငွေတွေလည်း လှူဒါန်းခဲ့ကြပါတယ်။

မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ဗုဒ္ဓါဘိသေက အနေကဇာတင်မင်္ဂလာအခမ်းအနားနဲ့အတူ ဗုဒ္ဓဥယျာဥ်တော်မှာ တည် ထားကိုးကွယ်တဲ့ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ကျောက်စာရံစေတီတော်တွေ ရွှေထီးတော်တင်လှူတာနဲ့ ရေစက်ချအောင်ပွဲတော် ကုသိုလ်မင်္ဂလာကိုလည်း ဒုတိယဝါဆိုလပြည့်နေ့ (ဩဂုတ် ၁ ရက်)မှာပဲ ကျင်းပသွားမှာပါ။

အဆိုပါအခမ်းအနားကို နိုင်ငံတစ်ဝန်းက သံဃာတော်တွေနဲ့ ပြည်ပသံဃာတော် အပါး ၉၀၀ ကျော် ပင့်ဖိတ်ပူဇော်သွားမှာဖြစ်ပြီး ပင့်ဖိတ်ခံ သံဃာတော်တွေ ဒုတိယဝါဆိုလဆန်း ၁၄ ရက်နေ့မှာ နေပြည်တော်ကိုရောက်ရှိဖို့ သံဃာတော်အပါး ၉၀၀ ကျော် နေရေး၊ သွားလာဆွမ်းဘုဥ်းရေး၊ ကျန်းမာရေးပြုစုစောင့်ရှောက်နိုင်ဖို့၊ ဒုတိယဝါဆိုလပြည့်နေ့မှာ မာရဝိဇယဗုဒ္ဓရုပ်ပွား တော်မြတ်ကြီး ဗုဒ္ဓါဘိသေက အနေကဇာတင် မင်္ဂလာအခမ်းအနားနဲ့အတူ ကျောက်စာရံစေတီတော်တွေ ရွှေထီးတော်တင်လှူအပြီး ရေစက်ချအောင်ပွဲတော် တက်ရောက်အပြီး ဒုတိယဝါဆိုလပြည့်ကျော် ၁ ရက်နေ့မှာ ဝါဆိုဝါကပ်အမီကျောင်း တိုက်တွေဆီ ပြန်ရောက်စေနိုင်ရေး လေယာဥ်၊ မော်တော်ယာဥ်တွေနဲ့ ပြန်လည်ပို့ဆောင်နိုင်ရေးကိုလည်း ဆောင်ရွက်သွားမှာပါ။

မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို မြန်မာနိုင်ငံမှာထေရဝါဒ ဗုဒ္ဓသာသနာတော်ကြီး ခိုင်မာစွာ ထွန်းလင်းတောက်ပနေတာ ကမ္ဘာကိုပြသဖို့၊ မြန်မာနိုင်ငံဟာ ထေရဝါဒ ဗုဒ္ဓဘာသာကိုးကွယ်မှု ဗဟိုချက်ဖြစ်စေဖို့၊ နိုင်ငံတော်ကြီး သာယာဝပြောမှုရှိစေဖို့နဲ့ ကမ္ဘာကြီးငြိမ်းချမ်းသာယာမှုဖြစ်စေဖို့ စတဲ့ ရည်ရွယ်ချက် ၄ ရပ်နဲ့ တည်ထားကိုးကွယ်ခဲ့တာဖြစ်ပြီး ဗုဒ္ဓဘာသာနိုင်ငံတော်က ကမ္ဘာ့အကြီးဆုံးထိုင်တော်မူဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ဗုဒ္ဓါဘိသေက အနေကဇာတင်အခမ်းအနားကိုလည်း နိုင်ငံတော်အဆင့်ခမ်းနားစွာ လုပ်ဆောင်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *