MT News

Written by Nay Aung

စင်ကာပူအခြေစိုက် United Overseas Bank UOBဘဏ်သည် MAI (Myanmar Airways International) လေကြောင်းလိုင်း ပိုင်ဆိုင်သော UOB ဘဏ်အကောင့်ငါးခုကို လာမည့် သြဂုတ်လ ၁၅ ရက်နေ့မှစတင်ပြီး ပိတ်သွားဖွယ်ရှိနေကြောင်း သိရသည်။

MAI လေကြောင်းလိုင်းသည် ၎င်းတို့ဘဏ်အကောင့်များကို ဆက်လက်ဖွင့်ခွင့်ပေးရန် တောင်းဆိုခဲ့သော်လည်း UOB ဘဏ်က MAI လေကြောင်းလိုင်းပိုင်ဘဏ်အကောင့်ငါးခုကို ပိတ်သိမ်းရန် စီစဉ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး MAI လေကြောင်းလိုင်း၏ အုပ်ချုပ်မှုပိုင်းဆိုင်ရာအကြီးအကဲတစ်ဦးဖြစ်သော ဆာရာဗာနန် ရာမာဆာမီ လက်မှတ်ရေးထိုးထားပြီး စီးပွားရေးမိတ်ဖက်များထံ စာရေးသားပေးပို့ထားကြောင်း စင်ကာပူအခြေစိုက် The Straits Times သတင်းဌာနက ဖော်ပြထားသည်။

MAI ငွေစာရင်းများသည် ငွေသားနှင့် ချက်ငွေဖြည့်သွင်းမှုများကို ဇူလိုင်လ ၁ ရက်နေ့မှ စတင်ပြီးလုပ်ကိုင်နိုင်တော့မည်မဟုတ်ကြောင်း၊ MAI ငွေစာရင်းသို့ ငွေပေးချေမှုများကို ဇူလိုင်လ ၂၁ ရက်နေ့မှ စတင်ကန့်သတ် ပိတ်ဆို့မည်ဖြစ်ပြီး သြဂုတ်လ ၁၅ ရက်နေ့တွင် ဖျက်သိမ်းမည်ဖြစ်ကာ ကျန်ငွေအားလုံးကို ငွေလွှဲထုတ်ပေးမည်ဖြစ် ကြောင်း UOB ဘဏ်က ဖော်ပြထားသည်။

အဆိုပါ စင်ကာပူအခြေစိုက်ဘဏ်က MAI ၏ ကုန်တင်ကုန်ချမှတစ်ဆင့် သယ်ယူလာသော ကုန်ပစ္စည်းအမျိုးအစားကို ညွှန်ပြရန် စာရွက်စာတမ်းများအပြင် MAI လေကြောင်းလိုင်းပိုင်ဘဏ်အကောင့်ထဲသို့ ဝင်ရောက်လာမည့် ငွေစာရင်းများကိုတောင်းဆိုမှုများရှိကြောင်း သိရသည်။

UOB ဘဏ်က MAI လေကြောင်းလိုင်းပိုင်ဆိုင်သောအကောင့်ကို စောင့်ကြည့်ရေးအဖွဲ့ ဖွဲ့စည်းသွားမည်ဖြစ်ပြီး ငွေပေးချေမှုများ နှောင့်နေးမှုများရှိလာနိုင်ကြောင်းဆိုသည်။ UOB ဘဏ်သည် MAI လေကြောင်းလိုင်း ပိုင်ဆိုင်သော ဘဏ်အကောင့်ငါးခုကို ပိတ်သိမ်းရခြင်း၏နောက်ကွယ်က အကြောင်းအရာများကို ထုတ်ဖော်ပြောဆိုခဲ့ခြင်းမရှိသေးကြောင်း သိရသည်။MAI လေကြောင်းလိုင်းက ၎င်းတို့အနေဖြင့် DBS ဘဏ်တွင် အကောင့်ဖွင့်လှစ်ခြင်းအပါအဝင် အခြားဘဏ်များနှင့် မိတ်ဖက်အဖြစ် ပူးပေါင်းဆောင်ရွက်မှုများဖြင့် အစားထိုးရန် စီစဉ်နေကြောင်း ဆိုထားသည်။

Ref- straitstimes

Leave a Reply

Your email address will not be published. Required fields are marked *