MT News

Written by Nay Aung

မြန်မာနိုင်ငံသည် အာဆီယံဒေသတွင်းနိုင်ငံများအနက် ကားထုတ်လုပ်မှု အနည်းဆုံးနိုင်ငံအဖြစ် ရပ်တည်လျက်ရှိနေကြောင်း အာဆီယံ ကားထုတ်လုပ်ရောင်းဝယ်ရေး ဖက်ဒရေးရှင်း(AFF) ၏ နောက်ဆုံးထုတ်ပြန်ချက်များအရ သိရသည်။

မြန်မာနိုင်ငံသည် ၂၀၂၃ ခုနှစ်တွင် ပထမလေးလအတွင်း ကားအစီးရေ ၈၀ သာ ထုတ်လုပ်နိုင်ခဲ့ပြီး ဒေသအတွင်းနိုင်ငံများထဲတွင် ကားထုတ်လုပ်နိုင်မှု အနည်းဆုံးဖြစ်နေသည်။

AFF သည် အာဆီယံဒေသအတွင်းနိုင်ငံများအနက် မြန်မာ၊ ထိုင်း၊ မလေးရှား၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ ဗီယက်နမ်နိုင်ငံတို့၏ ၂၀၂၃ ခုနှစ်အတွင်းကားထုတ်လုပ်မှု၊ ရောင်းချနိုင်မှုအခြေအနေကို ထုတ်ပြန်ခဲ့ရာ မြန်မာနိုင်ငံသည် ဇန်နဝါရီလအတွင်း ကား ၈ စီး၊ဖေဖော်ဝါရီလတွင် ကား ၄၁ စီး၊ မတ်လတွင် ကား ၂၃ စီး နှင့် ဧပြီလတွင် ကား ၈ စီးသာ ထုတ်လုပ်နိုင်ခဲ့ကြောင်းသိရသည်။

မြန်မာနိုင်ငံ၏ ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ ဧပြီလအထိ ကားထုတ်လုပ်မှုအရေအတွက်သည် ပြီးခဲ့သော ၂၀၂၂ခုနှစ် ဇန်နဝါရီလမှ ဧပြီလအတွင်း ထုတ်လုပ်နိုင်သော ကားအရေအတွက်နှင့် နှိုင်းယှဉ်လျှင် များစွာကျဆင်းခဲ့ပြီး ၂၀၂၂ခုနှစ် ဇန်နဝါရီလမှ ဧပြီလအတွင်း ကားအစီးရေ ၂၁၀၁ စီးထုတ်လုပ်နိုင်ခဲ့သည်ဟု သိရသည်။

၂၀၂၃ ခုနှစ် ပထမလေးလအတွင်း အာဆီယံနိုင်ငံများအနက် ကားအများဆုံး ထုတ်လုပ်နိုင်သောနိုင်ငံသည်ထိုင်းနိုင်ငံဖြစ်ပြီး ကားအစီးရေ ၆၂၅၄၂၃ စီး ထုတ်လုပ်နိုင်ခဲ့သလို ဗီယက်နမ်နိုင်ငံက ကားအစီးရေ ၅၂၀၁၀ စီးထုတ်လုပ်နိုင်ခဲ့ကြောင်း AFF ၏ ထုတ်ပြန်ချက်များတွင်ဖော်ပြထားသည်။

မြန်မာနိုင်ငံသည် ကားရောင်းချမှုတွင်လည်း ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ ဧပြီလအထိ ကားအစီးရေ ၆၆၇ စီးသာရောင်းချနိုင်ခဲ့ပြီး အာဆီယံဒေသတွင်းနိုင်ငံများထဲတွင် အနည်းဆုံးဖြစ်နေကြောင်း သိရသည်။ AFF ၏ အဆိုအရ မြန်မာနိုင်ငံသည် ဇန်နဝါရီလတွင် ကား ၁၅၆ စီး၊ ဖေဖော်ဝါရီလတွင် ကားအစီးရေ ၁၂၀၊ မတ်လတွင် ကား၂၄၃ စီး၊ ဧပြီလတွင် ကား ၁၄၈ စီး ရောင်းချနိုင်ခဲ့ကြောင်းသိရသည်။

မြန်မာနိုင်ငံ၏ ၂၀၂၃ ခုနှစ် ပထမလေးလအတွင်း ရောင်း ချနိုင်သော ကားအစီးရေသည် ပြီးခဲ့သော ၂၀၂၂ ခုနှစ် ပထမလေးလအတွင်း ရောင်းချနိုင်ခဲ့သော ကားအစီးရေနှင့် နှိုင်းယှဉ်လျှင်များစွာလျော့နည်းလျက်ရှိနေပြီး ၂၀၂၂ ခုနှစ် ဇန်နဝါရီလမှ ဧပြီလအထိ ကားအစီးရေ ၄၀၃၂ စီး ရောင်းချနိုင်ခဲ့ကြောင်း AFF ၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

အာဆီယံဒေသတွင်း နိုင်ငံများအနက်၂၀၂၃ ခုနှစ် ပထမလေးလအတွင်း ကားရောင်းချမှုအများဆုံးနိုင်ငံက အင်ဒိုနီးရှားနိုင်ငံဖြစ်နေပြီး ကားအစီးရေ ၃၄၁၃၁၁ စီးရောင်းချနိုင်ခဲ့သလို ဒုတိယအများဆုံးနိုင်ငံက မလေးရှားနိုင်ငံဖြစ်ပြီး ကားအစီးရေ ၂၃၉၁၈၃ စီး ရောင်းချနိုင်ခဲ့ကြောင်း သိရသည်။

Ref- Asean automotive Federation

Leave a Reply

Your email address will not be published. Required fields are marked *