MT News
Written by Nyein Kyaw
ကမ္ဘာ့ရွှေဈေးအနည်းငယ်ကျဆင်းသော်လည်း ပြည်တွင်းရွှေဈေး အမြင့်ဈေးမှာပင် ဆက်လက်ရှိနေပြီး ဇူလိုင်လ ၇ ရက်တွင် အခေါက်ရွှေတစ်ကျပ်သား ကျပ် ၃,၁၉၀,၀၀၀ ဖြစ်ပေါ်လျက်ရှိပြီး ဒေါ်လာဈေး ကျပ် ၃,၀၀၀ ကျော်သို့ ဆက်လက်မြင့်တက်လျက်ရှိသည်။
ဇူလိုင်လ ၇ ရက်တွင် ကမ္ဘာ့ရွှေဈေးနှုန်း တစ်အောင်စကို ၁,၉၁၆ ဒေါ်လာသာရှိသော်လည်း ပြည်တွင်းရွှေစျေး ကျပ် ၃,၁၉၀,၀၀၀ အထိ အမြင့်ဈေး၌ပင် ဆက်ရှိနေပြီး ပြည်တွင်းငွေလဲလှယ်နှုန်း တစ်ဒေါ်လာ ကျပ် ၃,၀၆၀ ဖြစ်ပေါ်နေ (အရောင်းအဝယ်အပေါ်မူတည်၍ တစ်ဒေါ်လာ ကျပ် ၃,၁၀၀ အထိ)ကြောင်း သိရသည်။
ပြင်ပဈေးကွက်၌ ဇွန်လ ၂၁ ရက်မှစတင်၍ တစ်ဒေါ်လာ ကျပ် ၃,၀၀၀ ကျော်သို့ စတင်မြင့်တက်ခဲ့ပြီး ပြည်တွင်းရွှေဈေးသည် ဇွန်လဆန်းပိုင်းက စတင်မြင့်တက်ခဲ့ကာ ကျပ် ၃၁ သိန်းကျော်အထိ မြင့်တက်ခဲ့သည်။ ထို့အတွက် ရွှေဆိုင်များနှင့် ဈေးကစားသူများကို ဖမ်းဆီးစစ်ဆေးမှုများ ဆောင်ရွက်နေသော်လည်း လက်ရှိအချိန်အထိ ပြည်တွင်ရွှေဈေး သိသိသာသာ ကျဆင်းလာခြင်းမရှိသေးခြင်းဖြစ်သည်။
ပြင်ပဈေးကွက်တွင် ဖြစ်ပေါ်ခဲ့သည့် ပြည်တွင်းရွှေဈေးနှုန်းနှင့် ဒေါ်လာဈေးနှုန်းများသည် ဇူလိုင်လ ၄ ရက်တွင် ရွှေဈေးနှုန်း ၃,၁၆၅,၀၀၀ ကျပ်၊ ငွေလဲလှယ်နှုန်း တစ်ဒေါ်လာ ၃,၀၂၀ ကျပ်၊ ဇူလိုင်လ ၅ ရက်တွင် ရွှေဈေးနှုန်း ၃,၁၇၀,၀၀၀ ကျပ်၊ ငွေလဲလှယ်နှုန်း တစ်ဒေါ်လာ ၃,၀၄၀ ကျပ်၊ ဇူလိုင် ၆ ရက်တွင် ရွှေဈေးနှုန်း ၃,၁၈၀,၀၀၀ ကျပ်၊ ငွေလဲလှယ်နှုန်း တစ်ဒေါ်လာ ၃,၀၅၅ ကျပ် ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။
