September 19, 2024

၈. ၇. ၂၀၂၃
Written by Nay Aung

လာမည့်ရက်ပိုင်းအတွင်း ကျင်းပမည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများမကျင်းပခင် ဇူလိုင် ၇ ရက်နေ့တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ရက်နိုမာဆူဒီက ၎င်းနှင့် မြန်မာနိုင်ငံဆိုင်ရာ အာဆီယံဥက္ကဋ္ဌ၏အထူးကိုယ်စားလှယ်ရုံးတာဝန်ရှိသူများသည် မြန်မာ့နိုင်ငံရေးတွင် ပါဝင်နေသောအဖွဲ့အစည်းများ၏တာဝန်ရှိသူများနှင့် လူကိုယ်တိုင်တွေ့ဆုံဆွေးနွေးမှု၊ ဖုန်းဖြင့်ဆက်သွယ်ပြောဆိုမှု၊ အွန်လိုင်းမှတစ်ဆင့်တွေ့ဆုံဆွေးနွေးမှုများအပါအဝင် ၇ လအတွင်း အကြိမ်ပေါင်း ၁၁၀ စေ့စပ်ဆွေးနွေးထားကြောင်း ထုတ်ဖော်ပြောဆိုလိုက်သည်။

အဆိုပါတွေ့ဆုံဆွေးနွေးခဲ့သူများထဲတွင် နစက၏ နိုင်ငံခြားရေးဝန်ကြီးများ၊ အတိုက်အခံအဖွဲ့အစည်းဖြစ်သော NUG တာဝန်ရှိသူများလည်း ပါဝင်ခဲ့ကြောင်း၊ ထို့အပြင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တာဝန်ရှိသူများ၊နိုင်ငံရေးပါတီများ၏ကိုယ်စားလှယ် များ၊ အရပ်ဘက်ဆိုင်ရာအဖွဲ့စည်းကိုယ်စားလှယ်များနှင့် မြန်မာနိုင်ငံရှိအခြားအဖွဲ့စည်းများ ပါဝင်ခဲ့ကြောင်း အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးက ပြောသည်။

ထို့အပြင် အင်ဒိုနီးရှားအစိုးရသည် မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများအပြင် အခြား နိုင်ငံတကာအဖွဲ့စည်းများနှင့်လည်း မြန်မာ့နိုင်ငံရေးကိစ္စကို စေ့စပ်ဆွေးနွေးခဲ့ကြောင်း ဝန်ကြီး ရက်နိုမာဆူဒီက ပြောသည်။ မြန်မာ့နိုင်ငံရေးကိစ္စနှင့်ပတ်သက်ပြီး အဖွဲ့အစည်းအားလုံးနှင့်စေ့စပ်ဆွေးနွေးရာတွင် ၂၀၂၁ ခုနှစ် ဧပြီလက အာဆီခေါင်းဆောင်များနှင့် နစကခေါင်းဆောင်ကြား ရရှိခဲ့သော အာဆီယံသဘောတူညီချက်ငါးချက် အကောင်အထည်ဖော်ရေးကို အဓိကထားဆွေးနွေးခဲ့ကြောင်း အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးက ပြောသည်။

မြန်မာ့နိုင်ငံရေးအခက်အခဲများကို ဖြေရှင်းနိုင်အောင် ကူညီပေးရန်အတွက် အင်ဒိုနီးရှားအစိုးရသည် မြန်မာ့နိုင်ငံရေးတွင်ပါဝင်နေသော အဖွဲ့အစည်းများကြား အားလုံးပါဝင်သော နိုင်ငံအဆင့်တွေ့ဆုံဆွေးနွေးပွဲများ ကျင်းပနိုင်ရန် တိုက်တွန်းလှုံ့ဆော်သွားမည်ဖြစ်ကြောင်း အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ရက်နိုမာဆူဒီက ထုတ်ဖော်ပြောဆိုလိုက်သည်။

ဝန်ကြီးရက်နိုမာဆူဒီက “မြန်မာ့နိုင်ငံရေး အငြင်းပွားမှုတွေမှာ ပါဝင်နေတဲ့အဖွဲ့တွေနဲ့ စေ့စပ်ဆွေးနွေးမှုဟာအဓိကရည်မှန်းချက်မဟုတ်ဘူး။ မြန်မာ့နိုင်ငံရေးမှာပါဝင်နေတဲ့အဖွဲ့အစည်းတွေကြား အားလုံးပါဝင်တဲ့ တွေ့ဆုံဆွေးနွေးမှု ဖြစ်မြောက်ရေးက အဓိကရည်ရွယ်ချက်ဖြစ်တယ်။ လက်ရှိအချိန်ဟာ မြန်မာ့နိုင်ငံရေးအခက်အခဲမှာပါဝင်နေတဲ့ အဖွဲ့အစည်းများကြား နိုင်ငံအဆင့်အားလုံးပါဝင်တဲ့တွေ့ဆုံဆွေးနွေးမှု လုပ်ဆောင်ရမယ့်အချိန်လည်းဖြစ်တယ်” ဟုပြောသည်။

Ref-straitstimes

Leave a Reply

Your email address will not be published. Required fields are marked *