MT News
Written By Thandar
အမုန်း ဇာတ်လမ်းတွဲနဲ့ ပရိသတ် အားပေးမှု ပိုမိုရရှိလာတဲ့ အကယ်ဒမီ ခင်ဝင့်ဝါကတော့ ယမုံအေး နေရာက မဇာလေးကို ရန်တွေ့တာမျိုးနဲ့ ခနဲ့တဲ့အခန်းတွေကို သဘောကျတယ်လို့ ဖွင့်ဟလာပါတယ်။
“ဇာတ်ကားမှာပါဝင်သူအားလုံးက ကောင်းလို့ အမုန်းကားက ပရိသတ်ရင်ထဲကို ထိသွားတာပါ။ ခင်ဝင့်ဝါ အိုက်တင်မရဘူးလို့ အရင် ဝေဖန်ထောက်ပြမှုကြောင့် ပိုကြိုးစားမိလာတယ်။ ယမုံအေး တကယ်ဖြစ်လို့ ကျေးဇူးတင်တယ်။ ပရိသတ်တွေအကြိုက်ဆုံးအခန်းက ကိုယ်အားထုတ်ထားတဲ့အခန်းနဲ့ ပရိသတ်နဲ့က ထပ်တူသဘောကျတယ်။ ကိုဝိုင်းကလည်း တစ်ဖက်လူ မခံချင်အောင် အသည်းယားအောင် လုပ်ရမယ်ဆိုတော့ စဥ်းစားတော့ လုပ်ခဲ့တယ်။ မဇာလေးကို ရန်တွေ့တာမျိုးနဲ့ ခနဲ့တဲ့အခန်းတွေကို သဘောကျတယ်။ ဝင့်ဝါက ငယ်ငယ်တုန်းက ယမုံအေးလို ခပ်စွာစွာကောင်မလေးလိုဖြစ်တာပေါ့။ အသက်အရွယ် တစ်ခုရောက်လာတာနဲ့အမျှ ရင့်ကျက် လာတယ်လို့တော့ ထင်တယ်။ မဇာလေးကို ရန်တွေ့တဲ့အခန်းတွေ အကြိုက်ဆုံးဘဲ”လို့ သူမက ဆက်ပြောပါတယ်။

သူမက Mahar App မှာ ပြသနေတဲ့ “အမုန်း” ဇာတ်လမ်းတွဲကို ဒါရိုက်တာဝိုင်းက ယမုံအေး ကာရိုက်တာကို ပါဝင်ဖို့ ဖိတ်ခေါ်ပြီး ခင်ဝင့်ဝါကလည်း သူမရဲ့ ဆရာဝိုင်းကြောင့် ရိုက်ကူးဖြစ်ခဲ့တာလို့လည်း သိရပါတယ်။ အဆိုပါ ဇာတ်လမ်းတွဲအတွက် အဓိက ကျေးဇူးတင်ချင်တာ ဝတ္ထုအညိုနဲ့ ဇာတ်ညွှန်းရေး ဆရာမ ကိုဝိုင်း၊ ကျန်သရုပ်ဆောင်တွေ ကျေးဇူးတင်တယ်လို့ ဆိုပါတယ်။
“ယမုံအေးဆိုတဲ့ ရပ်ကွက်တစ်ခုက ကောင်မလေးပေါ့။ ကိုယ်ဝတ်ချင်တာကို ပုံဖော်လိုက်တယ်။ အသုံးအဆောင်တွေလည်း သုံးပြီး မိတ်ကပ်ကို လျှော့ခဲ့တယ်။ ဆင်းန်တိုင်းကိုလည်း မိတ်ကပ်အဝတ်အစား Accessories တွေ လျှော့ခဲ့တယ်။ အလှပြင်တာက ပွဲတက်ရင်လည်း လှလှလေးပြင်တက်လို့ရတယ်။ ကာရိုက်တာ ပီပြင်ဖို့အတွက် ဝင့်ဝါ ဦးစားပေးပြီး မိတ်ကပ်ကို အညိုတောင်ချခဲ့ရတယ်။ ဘာလို့လဲဆိုတော့ အဲဒီတုန်းက ဖွေးတယ်လေ။ အဝတ်အစားတွေကလည်း ၅ ခါ ၆ ခါလျှော်ပြီး ဖုံတွေ လိုက်သုတ်ဖြစ်တယ်။ သဘာဝကျအောင် ဝတ်ဖြစ်တယ်”လို့ ပြောပါတယ်။


