၃. ၇. ၂၀၂၃
Written By Thandar
ဇူလိုင် ၂ ရက် ညနေပိုင်းက ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ကျင်းပတဲ့ Asia Top Award 2023 ဆုပေးပွဲမှာ“သတို့သမီး” ရုပ်ရှင်ဇာတ်ကားနဲ့ Best Artist Award ဆုကို မင်းသား အလင်းရောင် ဆွတ်ခူးရရှိခဲ့ပါတယ်။
“မင်္ဂလာပါ။ ကျွန်တော့်အနေနဲ့ မြန်မာသရုပ်ဆောင်တစ်ယောက်အနေနဲ့ Best Artist Award ဆုရလို့လည်း ကျေးဇူးတင်ပါတယ်။ ခုလို ဆုပေးပွဲဆောင်ရွက်ပေးတဲ့ Organization တွေလည်း ကျေးဇူးတင်ပါတယ်။ ကျွန်တော့်ရဲ့ အကောင်းဆုံး ပုံဖော်ခွင့်ပေးတဲ့ ထုတ်လုပ်ရေးတွေ။ ဇာတ်ကားအတွက် Support သူတွေ၊ မိသားစုနဲ့ ချစ်ရတဲ့ ပရိသတ်တွေ ကျေးဇူးတင်ပါတယ်။ မြန်မာကိုယ်စားပြုအနေနဲ့ ဒီဆုရလို့လည်း ဝမ်းမြောက်မိပါတယ်”လို့ Best Artist Award ဆုရ အလင်းရောင်က ပြောပါတယ်။

သူဟာ ပြည်ပနိုင်ငံက ရုပ်ရှင်ထူးချွန်ဆုကို မကြာခင် ရက်ပိုင်းက ရရှိခဲ့တဲ့ The Bride ဇာတ်ကားနဲ့ 2018 Myanmar Academy Award အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆုအတွက် ဆန်ကာတင်စာရင်းဝင်ခဲ့တာလည်းဖြစ်ပါတယ်။ အဆိုပါ ပွဲတော်မှာတော့ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာစတဲ့ နိုင်ငံတကာက အနုပညာရှင်တွေ အတတ်ပညာရှင်တွေကို ဆုအသီးသီးကို ချီးမြှင့်ပေးခဲ့တာလည်း ဖြစ်ပါတယ်။
အလင်းရောင်ဟာ မော်ဒယ်လ်လောကတစ်ဆင့် သရုပ်ဆောင်ပိုင်းအနေနဲ့ ရုပ်ရှင်ဇာတ်ကားပေါင်းများစွာကို ပါဝင်သရုပ်ဆောင်ထားသူဖြစ်ပြီးတော့ ဂီတပိုင်းမှာလည်း အကောင်းဆုံးပုံဖော်ဖန်တီးနေသူလည်း ဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ အနုပညာလှုပ်ရှားမှုတွေကို ဆက်တိုက်ဆိုသလို လုပ်ကိုင်နေလျှက်ရှိသူလည်း ဖြစ်ပါတယ်။



