၁. ၇. ၂၀၂၃
Written By Thandar
ပရိသတ်အားပေးမှုကို ဒုတိယအကြိမ် ထပ်မံရရှိလာတဲ့ အကယ်ဒမီ ချောရတနာကတော့ “အိပ်မက်ထဲကအိပ်မက်” Season 2 မှာ အရင်အပိုင်းနဲ့ မတူဘဲ မာလာကို မတူညီတဲ့ပုံစံနဲ့ ပရိသတ်မြင်တွေ့ရမှာပါလို့ ဆိုပါတယ်။
“ဒီဇာတ်ကား အပိုင်း ၁ မှာတော့ အမက မာလာဆိုတဲ့ ပန်းချီဆရာမပေါ့။ မာလာက သာယာပျော်ရွှင်စရာကောင်းတဲ့ မိသားစုလေးတစ်စုကို ပိုင်ဆိုင်ထားတယ်။ အိမ်ရှင်မဆိုတဲ့အတိုင်း ခင်ပွန်း ကိုစည်သူ အရိပ်အောက်နေရပြီးတော့ သားတစ်ယောက်ရှိခဲ့တယ်။ ဝါသနာကို မစွန့်လွှတ်နိုင်တဲ့ မာလာက သူမရဲ့ ပန်းချီပြပွဲအိပ်မက်ကို အကောင်အထည်ဖော်ခဲ့ချိန်မှာ ကိုစည်သူတစ်ယောက် အငယ်အနှောင်းထား ဖောက်ပြန်နေခဲ့ပါတယ်။ မင်းခန့်ဆိုတဲ့ မောင်လေး တစ်ယောက်ရဲ့ကြားမှာ အခက်အခဲ ကြုံတွေခဲ့တာကို ပထမအပိုင်းမှာက ပုံဖော်ပါတယ်။ လာမယ့်အပိုင်းကတော့ အရင်အပိုင်းနဲ့ မတူဘဲ မာလာကို မတူညီတဲ့ပုံစံနဲ့ ပရိသတ်မြင်တွေ့ရမှာပါ”လို့ သရုပ်ဆောင်ချောရတနာက ပြောပါတယ်။

မကြာခင် ထုတ်လွှင့်မယ့် W Entertainment က စီစဉ်ရိုက်ကူးတဲ့ “အိပ်မက်ထဲကအိပ်မက်” Season 2 ကို ဒါရိုက်တာပြည့်ဖြိုးနိုင် ရိုက်ကူးပုံဖော်ထားပြီး ဗညားဘုန်းပြည့် ၊ စစ်မင်းထက်၊ ဘုန်းလျှံ၊ ဝေရှိုင်း၊ နေ့သစ် အေးအောင်၊ ချောရတနာ၊ သဇင်ထူးမြင့်၊ ဂျီဂျီး၊ မှူးထိပ်ထား တို့အပြင် အနုပညာရှင်များစွာ ပါဝင် သရုပ်ဆောင်ထားတယ်လို့ သိရပါတယ်။

Season 1 မှာ အိမ်ထောင်ရေးအဆင်မပြေတဲ့ မာလာက မင်းခန့်နဲ့ မတော်တဆအမှားအယွင်းလေးဖြစ်ခဲ့တဲ့အချိန်ကစလို့ အချစ်ကြီးတဲ့ မင်းခန့်ရဲ့လက်ကနေ ရုန်းမလွတ်နိုင်ဖြစ်ခဲ့ပါတော့တယ်။ စိတ်ခံစားချက်ကို မထိန်းချုပ်နိုင်တဲ့ မင်းခန့်ရဲ့ အတင်းအဓမ္မ တောင်းဆိုမှုတွေကြားမှာ အိမ်ထောင်ရေးကိုလည်း မပြိုကွဲချင်တဲ့ မာလာတစ်ယောက် အခက်အခဲတွေ့ကြုံခဲ့ရတာကို Channel K ထုတ်လွှင့်ခဲ့စဥ်က ပရိသတ်တွေလည်း အားပေးမှုရရှိခဲ့ပါတယ်။
“ပထမအပိုင်းက အရမ်းကို အောင်မြင်ခဲ့တယ်။ ခု ဒုတိယအပိုင်းမှာတော့ ပိုပြီးတော့ ဇာတ်ရှိန်က အရမ်းကို မြင့်လာတယ်။ ဇာတ်ကောင်တွေကလည်း အသစ်တွေ ထပ်ထပ်လာတာမို့ သရုပ်ဆောင်ပိုင်း လုပ်ရတာမှာလည်း တာဝန်ပိုကြီးလာလို့ အိုက်တင်တွေတော့ လျှော့လို့မရတော့ဘူး။ အကောင်းဆုံး ကြိုးစားထားပါတယ်”လို့ ကိုစည်သူ ဇာတ်ကောင်နေရာကို သရုပ်ဆောင်တဲ့ ဘုန်းလျှံက ပြောပါတယ်။
“အိပ်မက်ထဲက အိပ်မက်” Season 2 မှာ Title song ဇာတ်ဝင်တေးကို အဆိုတော်ပိုးမီက ကိုယ်တိုင်ရေး ကိုယ်တိုင်ဆိုထားတယ်လို့လည်း သိရပါတယ်။

