ပို့ကုန်မရှိဘဲ လိုသမျှ မှာယူအသုံးပြုနေပါက နိုင်ငံခြားငွေလိုအပ်မှုများလာမည်ဖြစ်၍ ကုန်ထုတ်လုပ်မှု လုပ်ငန်းများမှ ရနိုင်သမျှထုတ်လုပ်နိုင်ရေး တာဝန်ရှိနေ

၁. ၇. ၂၀၂၃
Written by Tha Doe

ယခင်အစိုးရနှစ်ဆက်တွင် ကုန်ထုတ်လုပ်မှုအားနည်းပြီး ရောင်းကုန်မရှိ၍ ပို့ကုန်အားနည်းကာ ကုန်သွယ်မှုလိုငွေ ဒေါ်လာ ၂၅ ဘီလျံခန့်ဖြစ်ပေါ်ခဲ့ပြီး လိုငွေများကို Non Trade ဝင်ငွေများမှ ရရှိသည့်ငွေဖြင့် သုံးစွဲခဲ့ကြောင်း တွေ့ရှိရကြောင်းနှင့် ပို့ကုန်မရှိဘဲ လိုသမျှ မှာယူအသုံးပြုနေပါက နိုင်ငံခြားငွေလိုအပ်မှုများလာမည်ဖြစ်၍ ကုန်ထုတ်လုပ်မှု လုပ်ငန်းများမှ ရနိုင်သမျှထုတ်လုပ်နိုင်ရေး တာဝန်ရှိနေကြောင်း SAC ဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဇွန် ၃၀ တွင်ပြုလုပ်သည့် နိုင်ငံ့စီးပွားမြှင့်တင်ရေးဆွေးနွေးပွဲတွင် ပြောကြားသည်။

မိမိတို့ နိုင်ငံတွင် ကုန်ထုတ်လုပ်မှုများအားနည်းပြီး ရောင်းကုန်များမရှိသဖြင့် ပြည်ပပို့ကုန်အားနည်းကာ ပြည်ပကုန်သွယ်မှုတွင် နှစ်ပေါင်းများစွာလိုငွေများဖြစ်ပေါ်ခဲ့ရာ ၂၀၁၁ ခုနှစ်မှ ၂၀၁၆ ခုနှစ်အထိ ကုန်သွယ်မှုလိုငွေ ဒေါ်လာ ၁၂ ဘီလီယံကျော် ရှိခဲ့သည်။ အလားတူ ၂၀၁၆ ခုနှစ်မှ ၂၀၂၁ ခုနှစ်အထိ ကုန်သွယ်မှုလိုငွေ ၁၂ ဒသမ ၆၁ ဘီလီယံရှိပြီး ထို လိုငွေများကို Non Trade ဝင်ငွေများမှ ရရှိသည့်ငွေများဖြင့် သုံးစွဲခဲ့ခြင်း ဖြစ်သည်ကိုတွေ့ရှိရသည်။ ဒီမိုကရေစီအစိုးရ ပထမသက်တမ်းနှင့် ဒုတိယသက်တမ်းတွင် နိုင်ငံတကာမှထောက်ပံ့ငွေ၊ ကူညီငွေနှင့်ချေးငွေများရရှိခဲ့သလို အဆိုပါရရှိသည့်ငွေများဖြင့် နိုင်ငံတော်၏ နိုင်ငံခြားငွေသုံးစွဲမှုများကို တစ်ဖက် တစ်လမ်းမှ ဖြေရှင်းဆောင်ရွက်သွားသည်ကို တွေ့ရှိခဲ့ရသလို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရ တာဝန်ယူဆောင်ရွက်ချိန်တွင် နိုင်ငံတကာမှ ပိတ်ဆို့မှုများလုပ်ဆောင်လာ၍ ရှိပြီးဖြစ်သည့် နိုင်ငံခြားငွေများသုံးစွဲ၍မရစေရန်၊ ရရန်ရှိသည့်‌ ရောင်းကုန်ပစ္စည်းရငွေများ မပေးချေနိုင်စေရန် ပိတ်ဆို့မှုမျိုးစုံဖြင့်ဆောင်ရွက်လာရာ မိမိတို့အနေဖြင့် ပို့ကုန်များမရှိဘဲ လိုသမျှကိုမှာယူအသုံးပြုနေမည် ဆိုပါက နိုင်ငံခြားငွေလိုအပ်မှုများလာမည်ဖြစ်သဖြင့် ကုန်ထုတ်လုပ်မှု လုပ်ငန်းများမှ ရနိုင်သမျှထုတ်လုပ်နိုင်ရေး တာဝန်ရှိသည်ကိုပြောကြားလိုကြောင်း SAC ဥက္ကဋ္ဌက မှာကြားသည်။

ထို့အတွက် အသုံးစရိတ်ချွေတာရေးနှင့် ပတ်သက်၍ မဖြစ်မနေသုံးစွဲရန် လိုအပ်သည်များမှအပ ချွေတာသုံးစွဲကြစေလိုပြီး ဖြုန်းတီးမှုများမဖြစ်စေရေး အသုံးစရိတ်များကို စနစ်တကျဖြင့် သုံးစွဲကြရန်လိုအပ်ကာ အသေးစိတ်မှစ၍ ခြိုးခြံချွေတာနိုင်မှသာ ပြည်တွင်းလိုငွေပြမှုနှင့် နိုင်ငံခြားငွေ လိုငွေပြမှုများကို လျှော့ချနိုင်မည်ဖြစ်သောကြောင့် ပြည်ပမှဝယ်ယူသုံးစွဲခြင်းထက် ပြည်တွင်းဖြစ် ထုတ်ကုန်များကို အသုံးပြုရန် လိုကြောင်းလည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကပြောကြားသည်။

အလားတူ မြေပေါ်မြေအောက် သယံဇာတများ ထုတ်ယူသုံးစွဲခြင်းနှင့်ပတ်သက်၍ မြေအောက်သယံဇာတများထုတ်ယူသုံးစွဲခြင်းကို တတ်နိုင်သမျှ ထိန်းသိမ်းဆောင်ရွက်လျက်ရှိသော်လည်း တရားမဝင်နည်းလမ်းများဖြင့် ထုတ်ယူသုံးစွဲနေမှုများလည်း ရှိနေကာ မြေပေါ်သယံဇာတများဖြစ်သည့် သစ်များကိုလည်း တရားမဝင်ခိုးထုတ်၍ ပြည်ပသို့တင်ပို့ရောင်းချနေမှုများလည်းရှိနေသည်။ ပြည်တွင်းမှထွက်ရှိသည့် သယံဇာတများကို တရားမဝင်နည်းလမ်းများဖြင့် ထုတ်ယူပြီး ပြည်ပသို့မှောင်ခိုတင်ပို့နေခြင်းကြောင့် နိုင်ငံတော်၏ အခွန်ငွေရရှိမှုများကို များစွာထိခိုက်စေသည်။ ထိုသို့ ဆောင်ရွက်နေမှုများကိုလည်း တာဝန်ရှိသူများအနေဖြင့် စနစ်တကျထိန်းသိမ်း ဆောင်ရွက်ရန်လိုသလို နယ်စပ်ကုန်သွယ်ရေးတွင် အိမ်နီးချင်းကောင်းပီသစွာဖြင့် မှန်မှန်ကန်ကန်ဆောင်ရွက်သွားရန်လိုကြောင်းလည်း နစကဥက္ကဋ္ဌက ပြောကြားသည်။

ပြည်တွင်းစီးပွားရေးနှင့် ပတ်သက်၍ မှန်မှန်ကန်ကန်ဆောင်ရွက်ရန်နှင့် ကုန်ထုတ်လုပ်မှုများကို အားပေးဆောင်ရွက်ရန်လိုပြီး တိုင်းဒေသကြီးနှင့်ပြည်နယ် အစိုးရများအနေဖြင့် ကုန်ထုတ်လုပ်မှုများဆောင်ရွက်ရာတွင် အပိုင်းနှစ်ပိုင်းဖြင့် ဆောင်ရွက်သွားရမည်ဖြစ်ကာ ထိုအချက်နှစ်ချက်မှာ ဒေသအလိုက်ကုန်ထုတ်လုပ်မှု မြှင့်တင်ရေး၌ ဒေသတွင်းစားသုံးမှု၊ နိုင်ငံတွင်းစားသုံးမှုအတွက် ဖူလုံအောင်ထုတ်လုပ်ခြင်းနှင့် ပြည်ပပို့ကုန်အတွက်ထုတ်လုပ်ခြင်းတို့ကိုဆောင်ရွက်ရာတွင် ပြည်တွင်းထုတ်လုပ်မှုအတွက် အသေချာဆုံးဖြစ်သည့် စိုက်ပျိုးရေးလုပ်ငန်းနှင့် မွေးမြူရေးလုပ်ငန်းများမှ ကုန်ထုတ်လုပ်ခြင်းကို တိုင်းဒေသကြီးနှင့်ပြည်နယ်များအလိုက် မဖြစ်မနေ တိုးမြှင့်ဆောင်ရွက်သွားရန်လိုကြောင်း တိုက်တွန်းသည်။ ထို့အတွက် သွင်းကုန်အစားထိုးထုတ်လုပ်ခြင်းအနေဖြင့် စက္ကူ၊ ရာဘာပစ္စည်း၊ နို့ထွက်ပစ္စည်း၊ ချည်ထည်ပစ္စည်း စသည့်ပစ္စည်းများကို ပြည်တွင်း၌တတ်နိုင်သမျှ ထုတ်လုပ်နိုင်ရေးကြိုးပမ်းဆောင်ရွက်ရန်လိုကြောင်း ပြောကြားသည်။

အလားတူ စိုက်ပျိုးရေးလုပ်ငန်းများအတွက် အဓိကလိုအပ်သည့် ဓာတ်မြေဩဇာများရရှိရေး ထိုက်သင့်သလောက် ပြည်ပမှတင်သွင်းပေးမည်ဖြစ်ပြီး ဓာတ်မြေဩဇာများရရှိရေးဆောင်ရွက်သကဲ့သို့ သဘာဝမြေဩဇာများ၊ ဇီဝမြေဩဇာများဖြင့် သုံးစွဲရေးအတွက်လည်း ဆောင်ရွက်ကြရန်လိုသလို ပြည်တွင်း၌ဓာတ်မြေဩဇာများ ထုတ်လုပ်ရေးအတွက် လည်း စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း နစကဥက္ကဋ္ဌက အသိပေးသည်။

လျှပ်စစ်ဓာတ်အားလိုအပ်ချက်နှင့်ပတ်သက်၍ ယခင်အစိုးရသက်တမ်းကာလတွင် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး စီမံကိန်းများ အကြောင်းအမျိုးမျိုးကြောင့် ဆိုင်းငံ့ခြင်းနှင့် ဖျက်သိမ်းခြင်းများကို ပြုလုပ်ခဲ့သဖြင့် လက်ရှိအချိန်တွင် မိမိတို့နိုင်ငံ၌ လျှပ်စစ်ဓာတ်အား လုံလောက်စွာ မရရှိသေးသည့်အပြင် လျှပ်စစ်ဓာတ်အားပေးလုပ်ငန်းများကိုလည်း အဖျက်အမှောင့်လုပ်ရပ်များ ဆောင်ရွက်နေခြင်းကြောင့် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးမှုများကို ထိခိုက်စေလျက်ရှိသည်။ ထို့ကြောင့် မိမိတို့အနေဖြင့် အသေးစားရေအားလျှပ်စစ် ဓာတ်အားထုတ်လုပ်ခြင်း လုပ်ငန်းများဆောင်ရွက်ရန်၊ နေရောင်ခြည် စွမ်းအင်သုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းလုပ်ငန်းများဆောင်ရွက်၍ သုံးစွဲနိုင်ရေး ကြိုးပမ်း ဆောင်ရွက်ကြမည်ဆိုပါက လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို တစ်ဖက် တစ်လမ်းမှ ဖြည့်ဆည်းပေးနိုင်မည်ဖြစ်ကြောင်း၊ အလားတူ စပါးခွံလောင်စာသုံး Gasifires Power သုံးစွဲ၍ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းလုပ်ငန်းများကိုလည်း ဆောင်ရွက်၍ရကြောင်း၊ မိမိတို့နိုင်ငံတွင် ရေချိုများပေါများစွာရှိပြီး စိုက်ပျိုးရေးအတွက်လိုအပ်သည့် ရေများကို မြစ်ရေတင်လုပ်ငန်းများဖြင့် ဆောင်ရွက်ရန် လိုကြောင်း မှာကြားသည်။

ထိုအချက်များအပြင် မိမိတို့နိုင်ငံတွင် ကုန်ထုတ်လုပ်ခြင်းထက် ဝယ်ရောင်းလုပ်ငန်းများဆောင်ရွက်သည်မှာ ပိုမိုများပြားပြီး တရားမဝင်ကုန်သွယ်မှုများနှင့် သယံဇာတပစ္စည်းများတရားမဝင်ထုတ်လုပ်ခြင်းများသည် မိမိတို့နိုင်ငံစီးပွားရေး၏ ထိုးနှက်ချက်များဖြစ်ကြောင်းနှင့် ခိုင်မာသည့်ဝင်ငွေများရရှိနိုင်သည့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများဆောင်ရွက်၍ ရောင်းကုန်ပစ္စည်းများရရှိအောင် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များအနေဖြင့် ကြိုးပမ်းဆောင်ရွက်ကြမည်ဆိုပါက လက်ရှိဖြစ်ပွားနေသည့် ကုန်ဈေးနှုန်းကြီးမြင့်မှုကို လျှော့ချနိုင်သကဲ့သို့ နိုင်ငံခြားပို့ကုန်များပြားလာပါက ထုတ်လုပ်မှုကြောင့် နိုင်ငံခြားငွေများ တိုးတက်လာနိုင်သည်ကိုတွေ့ရှိရသည်။ ထို့ကြောင့် ယခုအချိန်တွင် နိုင်ငံချစ်စိတ်ဖြင့် စီးပွားရေးတိုးတက်အောင်၊ ကုန်ထုတ်လုပ်မှုများတိုးတက်အောင်၊ အသုံးစရိတ်များလျှော့ချနိုင်အောင် ကြိုးပမ်းဆောင်ရွက်ကြရန်လိုကြောင်းလည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မှာကြားခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News