၂၈. ၆. ၂၀၂၃
Written by Pan Ei

တိုင်တန်းနစ် သင်္ဘောပျက်ကြီးဆီကို လေ့လာရေးခရီးအဖြစ် ဇွန်လ ၁၈ ရက် နံနက်က လူငါးဦးကို တင်ဆောင်ကာ ရေပြင်အောက်ကို ဆင်းသက် ထွက်ခွာသွားခဲ့တဲ့ Titan ရေငုပ်သင်္ဘောငယ်ဟာ ပြင်းပြင်းထန်ထန်ပေါက်ကွဲခဲ့ပြီး ခရီးသည် ငါးဦးစလုံး သေဆုံးခဲ့ရတဲ့ ဖြစ်စဉ်ဖြစ်ပွားပြီး ရက်အနည်းငယ်အတွင်းမှာပဲ Netflix က Titanic ရုပ်ရှင်ကို ပြန်လည်ထုတ်လွှင့်ပြသတော့မဲ့အပေါ် ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။

Netflix က နာမည်ကြီး ဒါရိုက်တာ James Cameron ရဲ့ ၁၉၉၇ ခုနှစ်ထွက် Titanic ရုပ်ရှင်ကို ဇူလိုင်လ ၁ ရက်နေ့မှာ Netflix ရဲ့ ပလက်ဖောင်းပေါ်ပြန်လည်ရောက်ရှိလာတော့မယ်လို့ ကြေညာခဲ့တာပါ။

“OceanGate ဖြစ်ရပ်အပြီး တစ်ပတ်အကြာမှာ Netflix က Titanic ကို ပြန်ပြဖို့လုပ်တာက တကယ် ရွံစရာကောင်းတယ်။”၊ ” ဝမ်းနည်းစရာဖြစ်ရပ်ကို အသုံးချပြီး ကိုယ်ကျိုးရှာတာက စိတ်ပျက်စရာပါပဲ” လို့ မှတ်ချက်ပေးခဲ့ကြပါတယ်။

Titan ရေငုပ်သင်္ဘောပေါက်ကွဲမှုကြောင့် သေဆုံးခဲ့ရသူတွေမှာ ရေယာဉ်မှူးအဖြစ်ဆောင်ရွက်ခဲ့တဲ့ OceanGate ကုမ္ပဏီရဲ့ အမှုဆောင်အရာရှိချုပ် စတော့တန် ရတ်ရှ်၊ ဗြိတိသျှဘီလျံနာ ဟာမစ်ရှ် ဟာဒင်၊ ပါကစ္စတန်နည်းပညာနဲ့ စွမ်းအင်ကဏ္ဍမှာ အရေးပါ သြဇာလွှမ်းမိုးသူ ရှာဇာဒါ ဒါဝုဒ် နဲ့ သူ့ရဲ့ ၁၉ နှစ်အရွယ်သားဖြစ်သူ ဆူလေမန် တို့နဲ့အတူ တိုင်တန်းနစ်သင်္ဘောရှာဖွေလေ့လာရေးမှာ ထင်ရှားသူ ပေါလ် ဟင်နရီ နာဂီအိုလက် တို့ဖြစ်ကြပါတယ်။

သေဆုံးသူတွေရဲ့မိသားစုဝင်တွေဟာ ဝမ်းနည်းပူဆွေးနေရတဲ့ ကာလအတွင်း ရှိနေကြချိန်မှာ Netflix ကတော့ ဝင်ငွေရရှိအောင် Titanic ရုပ်ရှင်ကို ပလက်ဖောင်းပေါ်မှာ ပြန်လည်ပြသဖို့ပြင်ဆင်နေတာကြောင့် ဝေဖန်ခံနေရတာပဲ​ဖြစ်ပါတယ်။

Titanic ရုပ်ရှင်ဟာ အော်စကာ ၁၁ ဆုကို စံချိန်တင်ရရှိခဲ့တဲ့ ရုပ်ရှင်ကားကောင်းတစ်ခုဖြစ်ပြီး လီယိုနာဒို ဒီကာပရီယိုနဲ့ ကိတ်ဝင်းစလက်တို့ အဓိကပါဝင်သရုပ်ဆောင်ထားကာ ၁၉၉၇ ခုနှစ်က ထွက်ရှိခဲ့ပေမဲ့ အခုအချိန်ထိ ပရိသတ်ရင်ထဲကို စွဲကျန်ရစ်နေဆဲ ဖြစ်ပါတယ်။

Ref; Independent

Leave a Reply

Your email address will not be published. Required fields are marked *