၂၇. ၆. ၂၀၂၃
Translated by Pan Ei

ပြည်သူပေါင်း ၈၉၀၀၀၀ ဆီက အကြွေးဒေါ်လာ ၁၅၆ သန်းကျော် လျော်ပစ်ကာ Pact Global Microfinance Fund ရဲ့ ပိုင်ဆိုင်မှုကို မြန်မာပြည်သူထံရောက်ရှိစေခဲ့တယ်လို့ Pact in Myanmar က ထုတ်ပြန်ပါတယ်။

Pact အနေနဲ့ မြန်မာနိုင်ငံမှာ ဖွံ့ဖြိုးရေးစီမံကိန်းတွေလုပ်ဆောင်နေတဲ့ Pact Myanmar နဲ့ အသေးစားငွေချေးလုပ်ငန်းတွေလုပ်ငန်းကိုင်တဲ့ Pact Global Microfinance Fund ဆိုပြီး စီမံကိန်း ၂ ခု လုပ်ကိုင်နေတာဖြစ်ပြီး PGMF ကိုတော့ ဒီလကုန်မှာ မြန်မာပြည်ကနေ ထွက်ခွာပိတ်သိမ်းစေမှာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ PGMF ကို ပိတ်သိမ်းလိုက်ကြောင်း ကြေညာရတာကို ဝမ်းနည်းကြေကွဲမိပြီး ချေးငွေယူထားတဲ့ လူပေါင်း ၈၉၀,၀၀၀ ဆီက အကြွေးဒေါ်လာ ၁၅၆ သန်းကျော်ကို လျှော်ပစ်ကာ PGM ရဲ့ ပိုင်ဆိုင်တဲ့ငွေကြေးတွေကို မြန်မာနိုင်ငံသားတွေလက်ထဲကို ရောက်ရှိစေခဲ့သလို PGMF ရဲ့ ကြွေးမြီရှင်တွေကို ပြန်ဆပ်ဖို့ ငွေကိုတော့ သီးသန့်ဖယ်ထားခဲ့ပြီး အခုတော့ အဆိုပါ ပြန်ဆပ်မှုတွေကို အတည်ပြုဖို့က မြန်မာအာဏာပိုင်တွေအပေါ် မူတည်နေတယ်လို့ Pact က ပြောပါတယ်။

ရာစုနှစ်တစ်ခုရဲ့ လေးပုံတစ်ပုံကျော်ကြာ အမျိုးသမီးအများစုပါတဲ့ ငွေချေးသူနဲ့ ငွေစုသူစုစုပေါင်း ၂ ဒသမ ၃ သန်းကို ဝန်ဆောင်မှုပေးခဲ့တဲ့ မြန်မာနိုင်ငံရဲ့ အကြီးဆုံး အသေးစားငွေရေးကြေးရေးလုပ်ငန်း PGMF ကို ပိတ်ပစ်ဖို့ ဆုံးဖြတ်ချက်ချရတာဟာ လွယ်လွယ်ကူကူတော့မဟုတ်ခဲ့သလို ဆင်းရဲမွဲတေမှုလျှော့ချရေးနဲ့ ကျားမတန်းတူညီမျှဖြစ်စေရေးမှာ အဓိကပံ့ပိုးကူညီသူအဖြစ် ဆက်လက်လည်ပတ်နိုင်ဖို့ လိုအပ်တဲ့ခွင့်ပြုချက်တွေရရှိအောင် ပြီးခဲ့တဲ့နှစ်နှစ်အတွင်း အဖွဲ့အစည်းက မရပ်မနားကြိုးစားခဲ့ပါတယ်လို့ Pact က ပြောပါတယ်။

မကြာသေးမီလတွေအတွင်း အစိုးရဟာ ခွင့်ပြုချက်ရရှိလိုရင် PGMF အဖွဲ့အစည်းရဲ့ အမြတ်ဝေစုကို လွှဲပြောင်းပေးပြီး အနာဂတ်မှာပိုင်ဆိုင်မှုအားလုံးကိုပါ အစိုးရထံ လွှဲပြောင်းပေးဖို့ တောင်းဆိုခဲ့ပါတယ်။ အဲ့ဒါဟာ အမေရိကန်ရဲ့ ပိတ်ဆို့အရေးယူမှုဥပဒေကို ချိုးဖောက်တာအပါအဝင် အကြောင်းပြချက်များစွာကြောင့် လိုက်နာဖို့ မဖြစ်နိုင်ဘူးလို့လည်း Pact ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အစိုးရဟာ PGMF ကို အခြားနည်းလမ်းတွေနဲ့ လည်ပတ်နိုင်မှုကိုလည်း ကန့်သတ်ခဲ့သလို PGMF က ဖောက်သည်တွေကို ချေးငွေအသစ်တွေ ပေးတာကိုလည်း တားမြစ်ခဲ့ပါတဲ့အပြင် အဖွဲ့အစည်းရဲ့ အကြီးတန်းခေါင်းဆောင်တွေအတွက် ပြည်ဝင်ခွင့်ဗီဇာတွေကိုလည်း ငြင်းပယ်ခဲ့ပါတယ်။ တင်းကျပ်တဲ့ နိုင်ငံခြားငွေလဲလှယ်မှု၊ ထိန်းချုပ်မှုတွေနဲ့လည်း PGMF ရဲ့ လုပ်ငန်းဆောင်တာတွေကို ပိုမိုကန့်သတ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်က ပြဋ္ဌာန်းခဲ့တဲ့ မှတ်ပုံတင်ဥပဒေမှာလည်း ပြစ်မှုပြစ်ဒဏ်တွေ ချမှတ်ထားခံရပြီး PGMF လိုမျိုး အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေကို အသေးစားငွေရေးကြေးရေး ချေးငွေလုပ်ငန်းလိုင်စင် ပေးအပ်တာကို တားမြစ်ခဲ့ပြီး မှတ်ပုံတင်နိုင်ဖို့ကို ငြင်းပယ်ခဲ့တာဟာ PGMF ကို မြန်မာနိုင်ငံက ထွက်ခွာဖို့ ဒါမှမဟုတ် တရားမဝင် လုပ်ကိုင်ဖို့ အတင်းအကြပ် တွန်းအားဖြစ်စေခဲ့တယ်လို့လည်း Pact က ပြောပါတယ်။

PGMF အနေနဲ့ ဒီလိုထွက်ခွာရမှုအပေါ် ဝမ်းနည်းရပေမဲ့ အလုပ်သမားတွေအတွက် ကြိုတင်လစာ၊ အခြားခံစားခွင့်၊ Bonus တွေ ပေးခဲ့ပြီးဖြစ်တဲ့အပြင် အခွင့်သင့်ချိန်မှာ PGMF ဟာ မြန်မာပြည်ကို ပြန်လည်ဝင်ရောက်လာမယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *