၂၆. ၆. ၂၀၂၃
Written By Thandar
ပရိသတ်အားပေးမှု အခိုင်အမာရရှိထားတဲ့ သရုပ်ဆောင် မိုးဟေကိုရဲ့ ယနေ့ကျရောက်တဲ့ ဇွန်လ ၂၆ရက် မွေးနေ့ကုသိုလ်အဖြစ် ကွယ်လွန်တဲ့မိဘနှစ်ပါးကိုရည်စူးပြီး နေပြည်တော် စမတောင်ဥယျာဥ်အတွင်း နဂါးရုံဘုရားတစ်ဆူနဲ့ ကျောင်းဆောင် ဘုရားတစ်ဆူ လှူဒါန်းခဲ့ပါတယ်။
“ချစ်သောပရိသတ်ကြီးရှင့် ဒီနှစ်မှာတော့ မိုးရဲ့မွေးနေ့ကုသိုလ်အဖြစ် ကွယ်လွန်သွားတဲ့ ဖေဖေနဲ့ မေမေကို ရည်စူးပြီး နေပြည်တော် စမတောင်ဥယျာဉ်တော်အတွင်း နဂါးရုံဘုရားတစ်ဆူနဲ့ မဟာသမယသုတ် ရွတ်ဖတ်ဖို့ အဆောင် (၁) ဆောင်၊ ရပ်တော်မူဘုရား (၁) ဆူနဲ့ စတုဒိသာကျွေးမွေးခြင်းအလှူတို့ကို ပြုလုပ်ခဲ့ပါတယ်။ ၇ ရက်သားသမီးတွေနဲ့ ၃၁ ဘုံသားတွေ အားလုံးအတွက် လှူဒါန်းပူဇော် ကုသိုလ်ယူဖြစ်ခဲ့ပါတယ်ရှင်”လို့ သရုပ်ဆောင် မိုးဟေကိုက ပရိသတ်တွေကို ပြောလာပါတယ်။

သူမဟာ ယခင် မိဘနှစ်ပါး မကွယ်လွန်ခင်မှာလည်း မွေးနေ့အမှတ်တရအနေနဲ့ ပဲ့ကိုင်ရှင် မိဘတွေကို ကန်တော့ပြီး မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးကိုလည်း အလှူငွေတွေ လှူဒါန်းခဲ့ပါတယ်။ ဒါ့အပြင် တစ်ခေတ်တစ်ခါက အောင်မြင်ကျော်ကြားခဲ့တဲ့ အနုပညာရှင်တွေကိုလည်း လိုက်လံ ဂါဝရပြု ငွေကြေးနဲ့ ကန်တော့ကုသိုလ်ပြုခဲ့သူလည်း ဖြစ်ပါတယ်။

“မိဘနှစ်ပါးလုံး မိုး ဘဝထဲ ထွက်ခွါသွားခဲ့တာ အခုဆို မေမေကွယ်လွန်ခဲ့တာ ၂၃ ရက်နေ့ (၆) လပိုင်းမှာ (၂) နှစ်ပြည့်ပြီး ဖေဖေကွယ်လွန်ခဲ့တာကတော့ (၇) လပြည့်သွားခဲ့ပါပြီရှင်။ ဒါကြောင့် အခုလို မိုးမွေးနေ့မှာ မိဘနှစ်ပါးကို အကြောင်းပြုပြီး ပြုလုပ်ခဲ့တဲ့ ကောင်းမှုကုသိုလ်အစုစုကို ၇ ရက်သားသမီး ပရိသတ်တွေ အားလုံးလည်း မိုးနဲ့အတူ သာဓုခေါ်ဆိုနိုင်ကြစေဖို့အတွက် မျှဝေပေးလိုက်ပါတယ်ရှင်”လို့ သူမက ဆက်ပြောပါတယ်။








