၂၄. ၆. ၂၀၂၃
Written by Ye Kyaw
ယခုဇွန်လအတွင်း မြေပြင်ကွင်းဆင်းစစ်ဆေးမှုများအရ ရန်ကုန်နှင့် မန္တလေးမြို့များအတွင်း နိုင်ငံခြားငွေလဲလှယ်နှုန်း ဈေးကစားသူများနှင့် တရားမဝင်နိုင်ငံခြားငွေ ရောင်းဝယ်ခြင်းနှင့် လွှဲပြောင်းသူ လူပုဂ္ဂိုလ် ၅၁ ဦးနှင့် ကုမ္ပဏီသုံးခုတို့အား သက်ဆိုင်ရာဥပဒေများနှင့်အညီ အရေးယူနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ဇွန်လ ၂၃ ရက်တွင် ထုတ်ပြန်ကြေညာထားသည်။
ရွှေနှင့်ငွေကြေးဈေးကွက်စောင့်ကြည့်ထိန်းသိမ်းကြပ်မတ်ရေးလုပ်ငန်းကော်မတီ၏ကြီးကြပ်မှုဖြင့် စောင့်ကြည့်ကြီးကြပ်စစ်ဆေးရေးအဖွဲ့နှင့် မြေပြင်ကွင်းဆင်းစစ်ဆေးရေးအဖွဲ့တို့သည် ၂၀၂၃ ခုနှစ်၊ ဇွန်လအတွင်း ရန်ကုန်မြို့နှင့် မန္တလေးမြို့များတွင် နိုင်ငံခြားငွေလဲလှယ်နှုန်း ဈေးကစားသူများ၊ တရားမဝင်နိုင်ငံခြားငွေရောင်းဝယ်သူများနှင့် တရားမဝင်နိုင်ငံခြားငွေလွှဲပြောင်းသူများကို စိစစ်ဖော်ထုတ် အရေးယူခဲ့ကြောင်း သိရသည်။
မန္တလေးမြို့ပေါ်ရှိ ရွှေဆိုင်များနှင့် ရွှေသန့်စင်လုပ်ငန်းအချို့ကို သွားရောက်စစ်ဆေးပြီး ပြည်ပနှင့် တရားမဝင်နိုင်ငံခြားငွေလွှဲပို့ခြင်းလုပ်ငန်းများဆောင်ရွက်ကြောင်း သံသယဖြစ်ဖွယ်အထောက်အထားများကို စစ်ဆေးတွေ့ရှိရသဖြင့် သက်ဆိုင်ရာဥပဒေများနှင့်အညီ အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း ဖော်ပြထားသည်။
ယင်းကဲ့သို့ စစ်ဆေးမှုများအတွင်း ပြည်ပငွေလွှဲလုပ်ငန်းလိုင်စင်နှင့် မိုဘိုင်းငွေရေးကြေးရေး ဝန်ဆောင်မှုလုပ်ငန်းလိုင်စင် မရှိဘဲ ငွေလွှဲလုပ်ငန်းဆောင်ရွက်ကြောင်း သံသယဖြစ်ဖွယ် အထောက်အထားများကို စစ်ဆေးတွေ့ရှိရသော လူပုဂ္ဂိုလ် ၅၁ ဦးနှင့် ကုမ္ပဏီတစ်ခုအား သက်ဆိုင်ရာ ဥပဒေများနှင့်အညီ အရေးယူနိုင်ရေးဆောင်ရွက်လျက်ရှိသည်။
ထို့အတူ အင်တာနက်နှင့် ဆိုရှယ်မီဒီယာများပေါ်ရှိ အွန်လိုင်းလောင်းကစားခြင်းများအတွက် တရားမဝင်ငွေလွှဲခြင်း၊ ငွေလွှဲလက်ခံခြင်းများဆောင်ရွက်ခဲ့ကြောင်း သံသယဖြစ်ဖွယ် အထောက်အထားများကို စစ်ဆေးတွေ့ရှိရသော လူပုဂ္ဂိုလ်များနှင့် ကုမ္ပဏီနှစ်ခုအား သက်ဆိုင်ရာဥပဒေများနှင့်အညီ အရေးယူနိုင်ရေးဆောင်ရွက်လျက်ရှိကြောင်း ကြေညာထားသည်။
ယင်းကဲ့သို့ အရေးယူဆောင်ရွက်ခြင်းများအပြင် နိုင်ငံခြားငွေလဲလှယ်နှုန်း ဈေးကစားပြီး မဟုတ်မမှန်သောနည်းလမ်းဖြင့် အကျိုးအမြတ် ရယူရန်ဆောင်ရွက်ခြင်း၊ တရားမဝင်နိုင်ငံခြားငွေ လဲလှယ်ခြင်း၊ တရားမဝင်ငွေလွှဲလုပ်ငန်းဆောင်ရွက်ခြင်းတို့ကိုဆက်လက်ရှာဖွေဖော်ထုတ်ကာ ငွေကြေး ခဝါချမှုတိုက်ဖျက်ရေးဥပဒေ၊ နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေနှင့်ဆက်စပ်ပြဋ္ဌာန်းချက်များနှင့်အညီ အရေးယူသွားမည်ဖြစ်ကြောင်း သက်ဆိုင်ရာဌာနများမှ သိရသည်။
ယခုရက်ပိုင်းအတွင်း ကမ္ဘာ့ရွှေဈေး ကျဆင်းနေသော်လည်း နိုင်ငံပိုင်ဘဏ်နှစ်ဘဏ်အား အမေရိကန်က ပိတ်ဆို့သည်ဆိုသော သတင်းကြောင့် ပြည်တွင်း၌ ရွှေနှင့်ဒေါ်လာဈေးများ မြင့်တက်ခဲ့ပြီး အခေါက်ရွှေတစ်ကျပ်သား ကျပ် ၃၂ သိန်းနီးပါးရှိလာပြီး ဒေါ်လာဈေး ကျပ် ၃,၀၀၀ ကျော်သို့ ဆက်လက်မြင့်တက်လာနေခဲ့ခြင်းဖြစ်သည်။
