ဆရာမ ဆရာမများကို ရက်တို မွမ်းမံ သင်တန်း ပေးနေသည့် မြင်ကွင်း

၂၃. ၆. ၂၀၂၃
Written by Peya

ဆရာ၊ ဆရာမများ၏ ကျောင်းပြောင်းအမိန့်စာတွင် လူစားထိုး ဝင်ရောက်မှ ပြောင်းရွှေ့ရန် ဆိုသည့်အချက်ကြောင့် အခက်ကြုံရခြင်းများ ရှိနေကြောင်း MT News သတင်းဌာနက စုံစမ်းသိရသည်။

ယခုနှစ်အတွက် ကျောင်းအပြောင်းအရွှေ့ အမိန့်ထုတ်ရာတွင် အမိန့်စာအတွင်း အထက်ပါအတိုင်း ဖော်ပြထားခြင်းဖြစ်သောကြောင့် ကျောင်းပြောင်းတင်ထားသည့် ဆရာ၊ ဆရာမ အချို့တွင် အခက်ကြုံနေကြရခြင်းဖြစ်သည်။

“ပြောင်းရွှေ့ခွင့် တင်တယ်ဆိုတာကလည်း တာဝန်ကျတဲ့ ကျောင်းက ကုန်းတစ်တန်၊ ရေတစ်တန် သွားရပြီး အဆင်မပြေတာမျိုးကြောင့် တင်ကြတာပေါ့နော်။ ကိုယ့်ဇာတိနဲ့ နီးတဲ့ နေရာ ဒါမှမဟုတ် ကိုယ်နဲ့ အဆင်ပြေမယ့်နေရာကို သတ်မှတ်ကာလ တာဝန်ထမ်းဆောင်ပြီးတော့ ပြောင်းကြတာဖြစ်တဲ့အတွက် အခုလို အမိန့်စာမှာပါတော့ အခက်အခဲ ကြုံနေကြရတယ်” ဟု ကျောင်းဆရာမတစ်ဦးက ဆိုသည်။

သက်ဆိုင်ရာ ကျောင်းအုပ်များအနေဖြင့်လည်း လူစားထိုး မလာသည့်အတွက် အခက်အခဲ ဖြစ်နေရသည်ကို နားလည်ကြောင်းနှင့် ယခင်နှစ်များက အပြောင်းအရွှေ့ အမိန့်စာတွင် ယခုကဲ့သို့ ဖော်ပြထားသည်ဟု မကြားခဲ့ရကြောင်းလည်း ၎င်းက ဆိုသည်။

“ဇာတိနဲ့ နီးတဲ့နေရာမျိုးကို ပြောင်းကြတာပေါ့နော်။ အဲ့ဒီအခါမှာ အခုလို စာမှာပါတော့ အခက်အခဲ တွေ့ကြရတာမျိုးပေါ့နော်” ဟု ကျောင်းဆရာတစ်ဦးက ဆိုသည်။

Leave a Reply

Your email address will not be published. Required fields are marked *