
MT News
Written by Hey Mar
ဇွန် ၁၉ ရက် မနက် ၁၁ နာရီနဲ့ ၄ နာရီ ဝန်းကျင်အတွင်းက မြဝတီဘက်ကိုသွားတဲ့ အာရှလမ်း ကွမ်းခြံကုန်းအဆင်းမှာ ယာဉ်အဆင့်ဆင့် ဆင့်တိုက်တဲ့ဖြစ်စဉ်တွေ ဖြစ်ပွားခဲ့ပြီး ဆိုင်ကယ်မောင်းနှင်သူတစ်ဦး သေဆုံးခဲ့တယ်လို့ မြဝတီ အခြေစိုက် သင်္ကန်းညီနောင် (မြို့သစ်)လူမှူကူညီရေးအဖွဲ့ တာဝန်ရှိသူက MT News ကိုပြောပါတယ်။
အစပထမ ဖြစ်စဥ်က မနက် ၁၁ နာရီအချိန်မှာ ဖြစ်ပွားခဲ့တာပါ။ အာရှလမ်း ကွမ်းခြံကုန်းအဆင်းမှာ ကားပျက်လို့ ရပ်ထားတဲ့ တွဲကားကို ခရီးသည်တင် Hiace ယာဥ်က နောက်က ဝင်တိုက်ပြီး ကားအတွင်း ယာဥ်မောင်းညပ်နေတယ်လို့ သက်ဆိုင်ရာတာဝန်ရှိသူတွေကို အကြောင်း ကြားလာတာကြောင့် တာဝန်ရှိသူတွေက ပရဟိတ အသင်းတွေကို ဆက်သွယ်ခေါ်ယူတဲ့အတွက် Hiace ယာဥ်ကို ကရိန်းကားနဲ့သယ်ယူကာ ညပ်နေတဲ့ ယာဥ်မောင်းကို အပြင်သယ်ထုတ်တာတွေ ပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။
အဲဒီလို သယ်ယူနေတုန်းမှာပဲ ကားလမ်းတွေ ခဏပိတ်သွားပြီး ကားတွေ ဆိုင်ကယ်တွေ ရပ်တန့်စောင့်ဆိုင်းနေတုန်း ခရီးသည်တင် Express ယာဥ်ရဲ့အနောက်မှာ တန်းစီဝင်ရပ်တဲ့ ဆိုင်ကယ်ကို အနောက်ကနေ (၁၂) ဘီးယာဥ်က ထပ်ပြီးဝင်တိုက်ခဲ့တာကြောင့် ဆိုင်ကယ်စီးတဲ့ အမျိုးသား (၁) ဦးနေရာမှာတင် သေဆုံးခဲ့ပြန်တယ်လို့ သိရပါတယ်။
ဒဏ်ရာရသူတွေကို မြဝတီဆေးရုံကြီးအရေးပေါ်လူနာကုသရေးဌာနဆီ သင်္ကန်းညီနောင် (မြို့သစ်)လူမှုကူညီရေးအဖွဲ့က သူနာတင်ယာဥ်နဲ့ ပို့ဆောင်ပေးခဲ့ပြီး သေဆုံးသူရဲ့ ရုပ်အလောင်းကိုလည်း သင်္ကန်းညီနောင် (မြို့သစ်)လူမှုကူညီရေးအသင်းက သူနာတင်ယာဥ်နဲ့ပဲ မြဝတီဆေးရုံကြီး ရင်ခွဲရုံကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။



