၁၇. ၆. ၂၀၂၃
Written By Thandar
အချစ်၊ အမုန်း၊ ရသတွေကို ခံစားရနိုင်မယ့်အပြင် အသံလွှင့်ဌာနနဲ့ပတ်သက်တဲ့ ဗဟုသုတတွေကို သိရှိစေနိုင်မယ့် “ရင်ခုန်သံ FM” ဇာတ်လမ်းတွဲကို ဇွန်လ ၁၈ ရက် ည ၇ နာရီက စတင်ပြီး Channel K ရုပ်သံလိုင်းက ထုတ်လွှင့်ပြသမှာဖြစ်ပါတယ်။
“ကျွန်တော်ရွေးချယ်လိုက်တဲ့ ဒီဇာတ်လမ်းပုံစံက Romance Comedy အရောဆိုတော့ နည်းနည်းခက်တဲ့အရာပါ။ ကျွန်တော်ကြိုးစားပြီးတော့ ရိုက်ထားပါတယ်။ ဇာတ်လမ်းပုံစံလေးကလည်း လေးပွင့်ဆိုင် အချစ်ဇာတ်လမ်းလေးဖြစ်တယ်။ သူတို့ လေးယောက်ရဲ့ လုပ်ငန်းခွင်မှာ တွေ့ကြုံရမယ့် အခက်အခဲလေးတွေ ရှိမယ်။ သူငယ်ချင်း သံယောဇဥ်တွေ၊ မိဘတွေရဲ့ မေတ္တာတွေနဲ့ ဖန်တီးထားပါတယ်။ ရိုမန့်ဇာတ်ဝင်ခန်းလေးတွေလည်း ပါပါမယ်”လို့ ဒါရိုက်တာဝေယံဖေက ပြောပါတယ်။
စိတ်ကူးအိပ်မက်တွေကို အကောင်အထည်ဖော်ဖို့အတွက် နယ်မြို့လေးတစ်ခုကနေ မြို့ပြကို ရောက်ရှိလာတဲ့ ကောင်မလေးတစ်ယောက်ရဲ့ ဘဝအကြောင်းကို ရိုက်ကူးထားတာဖြစ်ပါတယ်။ လေလှိုင်းထဲကတစ်ဆင့် အချိန်အကြာကြီး သိမ်းဆည်းထားတဲ့ အချစ်၊ သံယောဇဉ်နဲ့ မြင်မြင်ချင်း အချစ်အကြောင်းကို ခံစားရမယ့် ရင်ခုန်သံ FM ဇာတ်လမ်းတွဲဖြစ်ပါတယ်။
“ဒီကာရိုက်တာက လီလီတခါမှ သရုပ်ဆောင်မဆောင်ဖူးသေးတဲ့ ကာရိုက်တာလည်း ဖြစ်တယ်။ လီလီက ဟိုးအရင်ထဲက ကိုယ့်အသံကို ကြိုက်တဲ့အထဲမှာ မပါဘူး။ ဒီကားထဲမှာက အသံကြောင့် မင်းသားကို စွဲလမ်းရာက နယ်မြို့လေးကနေ ရန်ကုန်မြို့ကြီးကို ခက်ခက်ခဲခဲလာခဲ့တဲ့ ကောင်မလေးပါ။ ကောင်လေးကို စွဲလမ်းရာကနေ Radio Announcer ဘက်ကို စိတ်ဝင်စားပြီး ကိုယ့်ရဲ့အသံကိုပါ မင်းသားက ပြန်စွဲလမ်းသွားတယ်ပေါ့။ သူ့ကို စိတ်ဝင်စားရင်း လီလီကလည်း Announcer ဖြစ်ချင်လာခဲ့တာပါ။ လီလီကိုယ်၌က ကိုယ့်အသံကို မကြိုက်တာတော့ မဟုတ်ပါဘူး။ တခြား ကောင်မလေးအသံတွေက စွဲဆောင်မူရှိတယ်လေ။ ဇာတ်အိမ်လေးလည်း ကောင်းပါတယ်။ လီလီအတွက် Radio Announcer Challenge ဖြစ်လို့ လက်ခံဖြစ်တာပါ။ ဒါရိုက်တာက လိုအပ်တဲ့ အသံအပိုင်းကို ပြောင်းရမယ်ဆိုလည်း ကြိုးစားပြီး လီလီသရုပ်ဆောင်ထားပါတယ်”လို့ သရုပ်ဆောင် လီလီကျော်ခိုင်က ပြောပါတယ်။
ဒီဇာတ်လမ်းတွဲကို ဇာတ်လမ်း ညမွှေးပန်း၊ ဇာတ်ညွှန်းပိုင်းကို ညမွှေးပန်းနဲ့ သက်တန့်ရောင် တို့က ရေးသားထားပြီး ဒါရိုက်တာဝေယံဖေက သရုပ်ဆောင်တွေဖြစ်တဲ့ အောင်မင်းခန့်၊ ဗညားဘုန်းပြည့်၊ လီလီကျော်ခိုင်၊ မေသစ်လွင်(ဝိုင်ဝိုင်း)၊ ရန်ရန်း၊ မေဘရမီ၊ ဒေါင်းဝေ၊ ဦးရွှေမိုး၊ ဟန်နီခေတ် စတဲ့အနုပညာရှင်တွေနဲ့ ရိုက်ကူး ပါဝင် သရုပ်ဆောင်ထားကြပါတယ်။

