၁၅. ၆. ၂၀၂၃
Written by Pan Ei
ဖျော်ဖြေရေးနယ်ပယ်မှာ နာမည်ကြီးတစ်ဦးဖြစ်ပြီး လက်တင်စူပါစတားတစ်ဦးဖြစ်တဲ့ Ricky Martin ဟာ ကမ္ဘာတဝှမ်းမှာ သန်းနဲ့ချီတဲ့ ပရိသတ်တွေရှိတဲ့ အနုပညာရှင်တစ်ဦး ဖြစ်ပါတယ်။
ကိုယ်ကြိုက်တဲ့ အနုပညာရှင်တွေကို ပရိသတ်တွေက ရူးသွပ်စွာ အားပေးကြပုံတွေ အမျိုးမျိုးရှိကြပြီး Ricky Martin ပရိသတ်သန်းချီရှိတဲ့ထဲက အာဂျင်တီးနားက ပရိသတ်တစ်ဦးဟာ Ricky Marin ရဲ့ကိုယ်ပွားဖြစ်ဖို့ ရည်ရွယ်ကာ မျက်နှာကို အကြိမ် ၄၀ လောက် ပလက်စတစ် ဆာဂျရီ ပြုလုပ်ခဲ့ပါတယ်။
Fran Mariano လို့ အမည်ရတဲ့ အာဂျင်တီးနားနိုင်ငံသားတစ်ဦးဟာ သူ့ကိုယ်သူ Ricky Martin အဖြစ် အသွင်ပြောင်းဖို့ နည်းလမ်းပေါင်းစုံကို ကြိုးပမ်းခဲ့ပြီး သူ့မျက်ခုံးထဲကို မော်တော်ဆီထိုးသွင်းခြင်းအပါအဝင် ပြင်းထန်တဲ့ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်စေတဲ့ နောက်ဆက်တွဲကိုပါ ကျန်ရစ်စေခဲ့တဲ့ အခြား လုပ်ထုံးနည်းပေါင်းများစွာလည်း ပါဝင်ခဲ့ပါတယ်။
နှစ်သက်ရတဲ့ အနုပညာရှင်နဲ့ တူချင်တဲ့ ရည်ရွယ်ချက်နဲ့ ခွဲစိတ်ခဲ့ပေမဲ့ ကံမကောင်းစွာနဲ့ဘဲ သူကြိုးစားခဲ့တဲ့ အလှကုန်လုပ်ထုံးလုပ်နည်းတော်တော်များများဟာ ပျက်စီးသွားပြီး သူ့ကို ရုပ်ပျက်ဆင်းပျက် ဖြစ်စေခဲ့ကာ သူ့တစ်သက်လုံး အမာရွတ်တွေ ကျန်စေနိုင်လောက်တဲ့ထိ ဖြစ်ခဲ့ပါတယ်။
“မျက်နှာတစ်ဝက်လောက်က ဘာမှမခံစားရဘူး၊ နှာခေါင်းရော မေးစေ့မှာရော ဘာမှမခံစားရဘူး” လို့ Fran Mariano က မကြာသေးမီက အင်တာဗျူးတစ်ခုမှာ ပြောခဲ့ပါတယ်။
အခုလက်ရှိမှာ သူအနေနဲ့ ပလက်စတစ်ဆာဂျရီလုပ်ထားတာတွေက နောက်ကြောင်းပြန်လှည့်ဖို့ ဝေးလွန်းနေပြီဖြစ်ပြီး Mariano ဟာ သူလက်ရှိကြုံတွေ့နေရတဲ့ ဒုက္ခတွေကို တခြားသူတွေကို အလားတူမဖြစ်အောင် တားဆီးဖို့ လူတိုင်းကို ပြောပြချင်ပါတယ်လို့ ပြောကြားခဲ့ပါတယ်။
Ref; Oddity Central
