၁၃. ၆. ၂၀၂၃
Written by Peya

စနစ်ဟောင်းအတွက် နောက်ဆုံးတက္ကသိုလ်ဝင်စာမေးပွဲတွင် (ဝိဇ္ဇာဘာသာတွဲ) ဖြင့် တစ်နိုင်ငံလုံး အမှတ်အများဆုံးရရှိသူ မထိုက်သူလင်းက ကျောင်းဆရာမ ဖြစ်လိုပြီး ငါးနှစ်တာ ပညာသင်စရိတ်အားလုံးကို တာဝန်ရှိသူများက စီမံဆောင်ရွက်ပေးထားကြောင်း ကာယကံရှင်၏ ပြောကြားထားချက်အရ သိရသည်။

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်၊ တောက်တဲ့ရိုး အ.ထ.က မှ ကျောင်းသူ မထိုက်သူလင်းသည် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဝိဇ္ဇာဘာသာတွဲတွင် ရမှတ်ပေါင်း ၅၁၃ မှတ်ဖြင့် အမှတ်အများဆုံး ရခဲ့ခြင်းဖြစ်သည်။

“ပညာရေးတက္ကသိုလ် ဆက်တက်ပြီး၊ ကျောင်းဆရာမ လုပ်ချင်ပါတယ်။ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနဲ့ ကျုံပျော်ခရိုင် အုပ်ချုပ်ရေးမှူး ဦးအောင်နိုင်ဦးတို့ကလည်း သမီးရဲ့ (၅)နှစ်တာ ပညာသင်စရိတ် အားလုံးကို စီမံဆောင်ရွက်ပေးပါတယ်” ဟု မထိုက်သူလင်းက ပြန်ကြားရေးဝန်းကြီးဌာနက မေးမြန်းရာတွင် ထည့်သွင်း ဖြေကြားထားသည်။

မထိုက်သူလင်းသည် စာကျက်ရာတွင် အိပ်ချိန်ကို ပုံမှန်မထားဘဲ စာမရသေးလျှင် အိပ်ချိန်ကိုလျှော့ချကာ ကျက်ခဲ့ပြီး နံနက်တိုင်း စောစောထကာ စာကျက်လေ့ရှိသူ ဖြစ်ကာ လျှပ်စစ်မီးမရှိသည့်အတွက် LED မီးသီးထွန်းကာ ကျက်ခဲ့ရသူ ဖြစ်သည်။

“မိဘတွေက အလုပ်မအားကြပါဘူး။ သူတို့ကို သိပ်ပြီးသနားတယ်။ ဒါကြောင့် ပိုပြီးကြိုးစားခဲ့ရတယ်။ ဆရာတွေကလည်း ကြိုးစားတာ သိတဲ့အတွက် စာနဲ့ပတ်သက်ရင် ကူညီခဲ့ကြပါတယ်။ The Whole Burma First ရစေချင်ကြတယ်။ အားလုံးဆန္ဒကို ဖြည့်ဆည်းပေးနိုင်ခဲ့လို့ ပျော်ပါတယ်” ဟု မထိုက်သူလင်းက ဖြေကြားထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *