April 26, 2024

MT News

Written by Nyein Kyaw

ကမ္ဘာ့ရွှေဈေးနှင့် ဒေါ်လာဈေးနှုန်း မြင့်တက်မှုကြောင့် ပြည်တွင်းရွှေဈေးနှုန်းမှာ အခေါက်ရွှေတစ်ကျပ်သား ကျပ် ၃၁ သိန်းနီးပါးအထိ ပြန်လည်မြင့်တက်လာခဲ့ပြီး ငါးရက်အတွင်း ကျပ်ငါးသောင်း မြင့်တက်ခဲ့ကြောင်း သိရသည်။

ကမ္ဘာ့ရွှေဈေးသည် ဇွန်လ ၉ ရက်တွင် ၁,၉၆၃ ဒေါ်လာ အထိမြင့်တက်ခဲ့ပြီး ငါးရက်အတွင်း ဒေါ်လာ ၂၀ ကျော်မြင့်တက်ခဲ့သည်။ ထို့အတူ ဇွန်လ ၅ ရက်တွင် တစ်ဒေါ်လာ ၂,၉၂၃ ကျပ်သာရှိခဲ့ရာမှ ဇွန်လ ၉ ရက်တွင် ၂,၉၆၅ ကျပ်အထိ မြင့်တက်ခဲ့သည်။

ပြည်တွင်းရွှေဈေးနှုန်းသည်လည်း ဇွန်လ ၅ ရက်တွင် အခေါက်ရွှေတစ်ကျပ်သား ကျပ် ၃,၀၄၅,၀၀၀ သာရှိခဲ့ရာမှ ကမ္ဘာ့ရွှေဈေးနှင့်‌ ‌ဒေါ်လာဈေးနှုန်းများ ပြန်လည်မြင့်တက်လာမှုကြေင့် ဇွန်လ ၉ ရက်(ယနေ့)တွင် ကျပ် ၃,၀၉၅,၀၀၀ အထိ ပြန်လည်မြင့်တက်ခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့် မေလ ၂၆ ရက်တွင် ဒေါ်လာဈေးမြင့်တက်မှုကြောင့် ပြည်တွင်းရွှေဈေး အခေါက်ရွှေတစ်ကျပ်သား ကျပ် ၃,၀၈၇,၀၀၀ အထိသာ မြင့်တက်ခဲ့သော်လည်း လက်ရှိတွင်မူ ကျပ် ၃,၀၉၅,၀၀၀ အထိ စံချိန်တင် ထပ်မံမြင့်တက်ခဲ့ခြင်းဖြစ်သည်။

ပြင်ပဈေးကွက်တွင် ဖြစ်ပေါ်ခဲ့သည့် ပြည်တွင်းရွှေဈေးနှုန်းနှင့် ဒေါ်လာဈေးနှုန်းများသည် ဇွန်လ ၅ ရက်တွင် ရွှေဈေးနှုန်း ၃,၀၄၈,၀၀၀ ကျပ်၊ ငွေလဲလှယ်နှုန်း တစ်ဒေါ်လာ ၂,၉၂၃ ကျပ်၊ ဇွန်လ ၆ ရက်တွင် ရွှေဈေးနှုန်း ၃,၀၆၃,၀၀၀ ကျပ်၊ ငွေလဲလှယ်နှုန်း တစ်ဒေါ်လာ ၂,၉၂၅ ကျပ်၊ ဇွန်လ ၇ ရက်တွင် ရွှေဈေးနှုန်း ၃,၀၇၇,၀၀၀ ကျပ်၊ ငွေလဲလှယ်နှုန်း တစ်ဒေါ်လာ ၂,၉၃၇ ကျပ်၊ ဇွန်လ ၈ ရက်တွင် ရွှေဈေးနှုန်း ၃,၀၉၀,၀၀၀ ကျပ်၊ ငွေလဲလှယ်နှုန်း တစ်ဒေါ်လာ ၂,၉၅၅ ကျပ် ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News