MT News

Written by Kyaw Soe Moe (Pyapon)

ဇွန်လ ၇ ရက်က လှုပ်ခတ်ခဲ့သည့် ငလျင်နှစ်ကြိမ်ကြောင့် မအူပင်မြို့တွင် ရွှေဘုန်းမြင့်စေတီတော်မြတ်ကြီး ထီးတော်မြေခသည့်အပြင် သီလရှင်တစ်ပါးနှင့် ယောဂီအမျိုးသမီးပါ ပွဲချင်းပြီးဆုံးပါးခဲ့ကြောင်း သိရသည်။

ဖြစ်စဥ်မှာ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့တွင် ဇွန်လ ၇ ရက် ညနေ ၄ နာရီ ၂၃ မီနစ်အချိန်က မြေငလျင်လှုပ်ခတ်မှုကြောင့် ရွှေဘုန်းမြင့်စေတီတော်မြတ်ကြီး စိန်ဖူးတော် ညာဘက်သို့စောင်းသွားခဲ့ပြီး မိုးကုတ်ဝိပဿနာအဖွဲ့ခွဲ(၄၄)မှ စလပ်ပြားပြိုကျသဖြင့် အောက်တွင် သန့်ရှင်းရေးဆောင်ရွက်နေသော သီလရှင်ဆရာကြီး ဒေါ်ဝိမလနှင့် ယောဂီ ၁ ဦး သေဆုံးခဲ့သည်။

ထို့ပြင် ညနေ ၅ နာရီ ၂၀ မီနစ်တွင် မြေငလျင်ထပ်မံလှုပ်ခတ်ခဲ့သဖြင့် ရွှေဘုန်းမြင့်စေတီတော်မြတ်ကြီး၏ စိန်ဖူးတော် မြေခခဲ့ကြောင်း ကနဦးသိရှိရသည်။

ဇွန်လ ၇ ရက် မြန်မာစံတော်ချိန် ညနေပိုင်း ၄ နာရီ ၂၃ မိနစ်အချိန်တွင် ကမ္ဘာအေးမြေငလျင်စခန်းမှ အနောက်-အနောက်မြောက်ဘက် ၃၃ မိုင်ခန့်အကွာ၊ ညောင်တုန်းမြို့၏ တောင်-အရှေ့တောင်ဘက် ၅ မိုင်ခန့်အကွာကို ဗဟိုပြု၍ အင်အားရစ်ချ်တာစကေး ၄ ဒသမ ၈ အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားခဲ့သည်။

ငလျင်မှာ အင်အားအနည်းငယ်သာရှိသော်လည်း မြေအောက် ၆ မိုင်ကျော်ရုံမှကပ်၍ လှုပ်ခတ်ခဲ့ခြင်းကြောင့် သိသိသာသာခံစားခဲ့ရခြင်းဖြစ်ကာ အဆိုပါငလျင်ကြောင့် နေအိမ်များပျက်စီးခြင်းရှိခဲ့သလို ညနေ ၅ နာရီကျော်တွင် တစ်ကြိမ်ထပ်မံလှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ တရားဝင်စာမျက်နှာတွင် မှတ်ချက်ပေးနေမှုများလည်းရှိနေကာ အဆိုပါထပ်ဆင့်ဖြစ်ရပ်များကို MT News သတင်းဌာနက ဆက်လက်ဖော်ပြပေးမည်ဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *